သူတို့ရဲ့ကစားနည်း
နရီမင်း
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၈
လူသန်းပေါင်းဘယ်လောက်ဟာ
ငတ်ပြတ်နေမှာလဲဆိုတာ
ထမင်းဝလို့ တွေးနိုင်တာပေါ့ကွာ။
လူလို တွေးတတ်ဖို့က
ကြက်တူရွေးကို သင်လို့
မရပါဘူး။
အာဏာရှိသူကို ဖားရတာလည်း
အသက်မွေးဝမ်းကျောင်းတမျိုးပဲ။
မှန်ရှေ့မှာ ရပ်လိုက်တယ်။
သူတော်ကောင်းတယောက်ရဲ့
သဘောထားပြည့်ဝတဲ့ အပြုံးဟာ
အလွယ်ဆုံးအရာပါ။
စားထားဝါးထားသမျှ အပုပ်နံ့ကို
ဖုံးဖို့ရာ
လစ်ဘရယ်ရေမွှေးကို သုံးပါ။
ကွန်မြူနစ်တယောက်လို
နာနာကျင်ကျင် ပြုံးတတ်ဖို့ကလည်း
လေ့ကျင့်ပြီးသားပဲ။
ဂေါက်ရိုက်သွားတဲ့အခါ
ဘုရားရှိခိုးဖို့ မမေ့သလို
အိတ်ထမ်းသူကို မုန့်ဖိုးများများ
ပေးဖို့ မမေ့ပါဘူး။
အရှုံးပေးခြင်းနဲ့ အနိုင်ယူတတ်ဖို့က
သိပ်ပြီး ဆရာကျဖို့မှ
မလိုတာ။
နရီမင်း
၂၆- ၈- ၂၀၁၆
Comments