ဆောင်းယွန်းလ ● အော်ရီဂျင်နယ်

 ဆောင်းယွန်းလ ● အော်ရီဂျင်နယ်
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၈

ကိုယ့်နာရီနဲ့ 
ကိုယ့်အချိန်ကိုသတ်မှတ်တော့
နောက်ကျနေလည်း စောခဲ့တယ်
စောနေတုန်းလည်းပဲ နောက်ကျခဲ့တယ်

ကွင်းကျဉ်းကျဉ်းလေးကို ပတ်ပြေးနေတဲ့
တာဝေးအပြေးသမားလို
မသောက်ပဲ မူးအောင်ရောက်ခဲ့ရသောနေ့များ

စကားအပိုတွေကို
အချပ်ပိုတရွက်ညှပ်ပြီး ပုံနှိပ်ရင်း
အမြှုံ့တစီစီထွက်တဲ့ အမောဖောက်ခြင်းဟာ
နိုင်ငံတကာသတင်းဖြစ်လာတယ်

ကိုယ့်ထိုက်နဲ့ ကိုယ့်ကံမှာ
ကိုယ့်အလံဟာ ဘယ်ကမ်းဆိုက်နေမှန်းမသိနိုင်ခဲ့သေးသလို
ကိုယ့်အမှန်နဲ့ ကိုယ်
အသံမပါပဲဆိုခဲ့တဲ့သီချင်းများ

ကိုယ့်မူပိုင်ဆိုတော့
ခရက်ဒစ်မပေးလည်း ကမ္ဘာကသိတာ
ဂုဏ်ယူစရာပေါ့။

ဆောင်းယွန်းလ
0