မြန်မာနိုင်ငံကာတွန်းဆရာများအသင်း -ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၇) စက်တင်ဘာ ၂၉



မြန်မာနိုင်ငံကာတွန်းဆရာများအသင်း -ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၇) စက်တင်ဘာ ၂၉
K (မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၉


မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၇)ကို ရန်ကုန်မြို့ အမှတ်(၁၇၃/ ၁၇၅) ပန်းဆိုးတန်းတာဝါ-အခန်း အမှတ်(၆၀၁) ပန်းဆိုးတန်း လမ်း(အလယ်)ရှိ မြန်မာနိုင်ငံကာတွန်း ဆရာများအသင်းရုံးခန်းမှာ စက်တင်ဘာ ၂၉ရက်နေ့ နေ့လယ် ၁ နာရီမှ ၃နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၅)မှာ ဟောပြောမျှဝေမယ့်ကာတွန်းဆရာက ကာတွန်းဆရာကြီး ရွှေမင်းသား ဖြစ်ပြီး ဟောပြောမယ့်အကြောင်းအရာခေါင်းစဉ်ကတော့ ကျွန်တော့်ဆရာများ ဖြစ်ပါတယ်။

ကာတွန်းဆရာကြီး ဦးရွှေမင်းသားကို ဆင်ဖြူကျွန်းမြို့မှာ အဖ ဦးလူရင်၊ အမိ ဒေါ်အေးတင်တို့မှ ၁၉၄၂ခုနှစ်၊ ဩဂုတ်လ၂၇ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ ကာတွန်းပညာကို ကာ တွန်းဦးဖေသိန်း၊ ကာတွန်းဦးအောင်ရှိန်တို့ထံတွင် လေ့လာသင်ယူခဲ့။ ၁၉၅၈ခုနှစ်၊ ကာတွန်းပဒေသာစာစောင်တွင် ကာတွန်း စတင်ရေးဆွဲခဲ့ပြီး အစပိုင်းတွင် ရုပ်ပြကာတွန်း ဇာတ် လမ်းများ ရေးဆွဲခဲ့သော်လည်း နောက်ပိုင်းတွင် စာနယ်ဇင်းကာတွန်းကိုသာ အစဉ်တစိုက် ရေးဆွဲခဲ့သူ ဖြစ်ပါတယ်။ ထင်ရှားသော ကာတွန်းဇာတ်ကောင်များမှာ ဘကြီးကဲနှင့် ဂြိုဟ် သားကလေး မစ်ကီဝေးတို့ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ စာနယ်ဇင်းများတွင် ကာတွန်းများ၊ သရုပ်ဖော်ကာတွန်းများကို ရေးဆွဲလျက်ရှိကာ အသက် ၇၆နှစ်အရွယ် အကန်တော့ခံ ကာတွန်းဆရာကြီးတစ်ဦး ဖြစ်ပါတယ်။

ယခုကာတွန်းပညာမျှဝေခြင်းအစီအစဉ်က (၇)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခင်အစီအစဉ်များမှာ ကာတွန်း ဦးငွေကြည်၊ ကာတွန်းကျော်သူရှိန်၊ ကာတွန်းမြေဇာ၊ ကာတွန်း အောင်ဇေယျ၊ ကာတွန်းတင်အောင်နီ၊ ကာတွန်းအာကာတို့က ဟောပြောဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းလူမှုကွန်ရက်စာမျက်နှာမှာလည်း ကာတွန်းချစ်သူများ မည်သူမဆို လာရောက် နားထောင်ပြီး သိလိုသည်များကိုလည်း အပြန်အလှန် မေးမြန်းဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပါပြီး ဟောပြောမှုအစီအစဉ်များကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။

Comments