အမေရိကန်သမ္မတ ယူအန်ညီလာခံမှာ အဟားခံရ


အမေရိကန်သမ္မတ ယူအန်ညီလာခံမှာ အဟားခံရ
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၈

ယနေ့နံနက်က ကျင်းပတဲ့ ယူအန်အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မိန့်ခွန်းပြောပါတယ်။ သူက ပြင်ဆင်ထားတဲ့ မိန့်ခွန်းအတိုင်းမပြောဘဲ ထုံးစံအတိုင်း သူပြောချင်တာတွေ ထည့်ပြောပါတယ်။ သူ့အစိုးရလက်ထက်က အောင်မြင်မှုတွေကို ကြွားလုံးထုတ်လိုက်တဲ့ဆီမှာ နားထောင်နေတဲ့ နိုင်ငံတကာခေါင်းဆောင်များရဲ့ ဟားတိုက်မှုကို ခံစားလိုက်ရပါတော့တယ်။

သူက ... ပြီးခဲ့တဲ့ ၂နှစ်အတွင်း ငါ့အစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ အတိတ်ကအစိုးရတွေထက် ပိုမိုသာလွန် ပြီးမြောက်နိုင်ခဲ့တယ်၊ သမိုင်းမှာ ဒါမျိုး မရှိခဲ့ဖူးဘူးလို့ ပြောချလိုက်ပါတယ်။ အဲသည်မှာ ပရိသတ်ရဲ့ ရယ်သံကြီး ထွက်ပေါ်လာခဲ့တာပါ။ သူက မျက်နှာပြောင်တိုက်ပြီးတော့ "ဒီလိုမျိုးတုန့်ပြန်လိမ့်လို့ မထင်မိဘူး။ ဒါပေမယ့် ရပါတယ်။" လို့ ပြန်ပြောလိုက်ပါသေးတယ်။

သူက ကုလအထွေထွေညီလာခံအလယ်မှာ သူနဲ့ မြောက်ကိုရီးယားတို့ ဆက်ဆံရေးကို ခုခံကာကွယ် ပြောဆိုခဲ့ပါတယ်။ ယူအန်ကို ဝေဖန်ပြစ်တင်တာတွေကိုလည်း သူက ဆင်ခြေဆက်ပေးပါတယ်။ ဆက် ဝေဖန်ပါတယ်။ ကုလလူ့အခွင့်အရေးကော်မရှင်က အမေရိကန်နှုတ်ထွက်လိုက်တာကို မှန်တယ်လို့ ပြောပြီး အိုင်စီစီရဲ့ အလုပ်တွေကလည်း အမေရိကန်ကို ၀င်မရှုပ်ဖို့ သတိပေးပါတယ်။ ကုလထည့်ဝင်ငွေကို ၂၅%ထက် ပိုမပေးဘူးလို့လည်း ဆိုလိုက်ပါသေးတယ်။

အီရန်နဲ့ ဆီးရီးယားကို ဝေဖန်ပြစ်တင်လိုက်ပြီး အမေရိကန်မဟာမိတ်တွေနဲ့ ဆက်ဆံရေးမှာလည်း သူက ဆက်ပြီး ဝေဖန်မှု ပြုလုပ်ပါတယ်။ ရုရှားကိုတော့ သူ ဘာမှ မှတ်ချက် မပေးပါ။ တရုတ်နဲ့ နိုင်ငံတကာမှာ အမေရိကန်အကျိုးစီးပွားဦးစားပေး အခွန်အတုပ် ကုန်သွယ်ရေးစစ်ပွဲခင်းနေတာကိုလည်း လိုအပ်ချက်အဖြစ် ဆက်ပြောသွားပါသေးတယ်။ အရှေ့အလယ်ပိုင်းက အိုပက်အဖွဲ့က ရေနံဈေးတင်တာတွေ မလုပ်ဖို့ကိုလည်း သတိပေးသွားပါတယ်။


Comments