ကဗျာဆရာ ရိုးဒီ ကွယ်လွန်ခြင်း ၆ လပြည့် အထိမ်းအမှတ် တောင်သမန်မှာ ပြုလုပ်

ကဗျာဆရာ ရိုးဒီ ကွယ်လွန်ခြင်း ၆ လပြည့် အထိမ်းအမှတ် တောင်သမန်မှာ ပြုလုပ်
K
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၈
မန္တလေးသားကဗျာဆရာ ရိုးဒီ ကွယ်လွန်ခြင်း ၆လပြည့် အထိမ်းအမှတ်အခမ်းအနားကို အမရပူရမြို့တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်ဝင်းရှိ သူဌေး ဘုရားရင်ပြင်မှာ ယနေ့ စက်တင်ဘာ၂၂ ရက် မနက် ၉ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

ထိုအခမ်းအနားကို ကဗျာဆရာရိုးဒီရဲ့ကျန်ရစ်သူမိသားစုဝင်များနဲ့ မန္တလေးအခြေစိုက်ကဗျာဆရာများက ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး ကဗျာဆရာရိုးဒီမိသားစုဝင်များက ကွယ်လွန်သူအားရည်စူးပြီး သူဌေးဘုရားရင်ပြင် ဗုဒ္ဓရုပ်ပွားဆင်းတုတော် တည်ထားကိုး ကွယ်ခြင်းနှင့် ထိုဆင်းတုတော်အား အနေကဇာတင်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


ကဗျာဆရာရိုးဒီကို မန္တလေးမြို့မှာ အဖဦးအေးမောင် အမိ ဒေါ်တင်တင်မာတို့မှ ၁၉၇၇၊ ဇန်န၀ါရီ ၈ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်း ထွန်းထွန်းစိုးဖြစ်ပြီး ကဗျာလောကကို အသံမစုံတဲ့တေးကဗျာဖြင့် ၂၀၀၃ ခုနှစ်မှာ မြားနတ်မောင်မဂ္ဂဇင်းမှာ ပုံနှိပ်ဖော် ပြခံရပြီး ဝင်ရောက်ခံ။ ဒဏ်ရာရသူများစာရင်း၊ ဆိုပါစို့၊ Made in Mandalay၊ ငါ့နားထင်ကို တေ့ထားတဲ့ သီချင်း၊ ဈာပနကဗျာတို့ မှာ လူသိများခဲ့ပါတယ်။

ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း(ထွဏ်းသွေးအိမ်၊ ကိုအိမ့်တို့နှင့်)၊ တကိုယ်တော် သုံးယောက်ကဗျာများ (မိုးရင့်ကြယ်၊လင်းဝေ ဟင်မိုးတို့နှင့်) ။ ၁၂ ယောက် ၁၂ပုဒ် ဂီတ ကဗျာ(နေမျိုး၊ ကိုထက်(ရေဦး)၊ မောင်နီဦး၊ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)၊ စံညိမ်းဦး၊ မောင်နိုင်လင်း(ကောလင်း)၊ ထွဏ်းသွေးအိမ်၊ မိုးရင့်ကြယ်၊ မျိုးနေနွယ်၊ မင်းနဒီခတို့နှင့်) ပါဝင်ရေးသားခဲ့။


တကိုယ်တော်အနေနဲ့ ရိုးဒီ+ရိုးဒီ။ ရိုးဒီရေးတဲ့ ကျွန်ုပ်စာစုများ(စကားပြေ)၊ ရိုးဒီ+၃၈ ၃၈+ကဗျာ၊ ရိုးဒီ=၄၀ ၄၀=ကဗျာ၊ ကန္တာရ ပန်းကလေးသို့ စာအုပ်များရေးသားခဲ့။ ကွယ်လွန်ချိန်အထိ Poetry House ကဗျာစာအုပ်ဆိုင်နဲ့ကဗျာစာအုပ်ထုတ်ဝေရေးများ ပြုလုပ်ခဲ့ပါတယ်။


ကဗျာဆရာရိုးဒီဟာ မတ်လ ၂၂ ရက်၊၂၀၁၈ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၄ ၂နှစ် အရွယ်ဖြစ်ပါတယ်။

ဓာတ်ပုံ- ကဗျာဆရာ မော်မင်းသန်း

Comments