K ငြိမ်းချမ်း- နိုင်ငံရေးအကျဉ်းသား ဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလုပ်နေတဲ့ ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)နဲ့ တွေ့ဆုံခြင်း

ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)
လူထုအစိုးရအနေနဲ့ နိုင်ကျဉ်းဟောင်းတွေရဲ့ပါဝါအင်အားကို မေ့မထားစေချင်ပါဘူးလို့ပြောဆိုလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလုပ်နေတဲ့ ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)နဲ့ တွေ့ဆုံခြင်း

K ငြိမ်းချမ်း
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈

ယခင် စစ်အစိုးရလက်ထက်များမှာ နိုင်ငံအတွက် ပြည်သူ့အတွက် ယုံကြည်ရာပြောဆိုလုပ်ကိုင်ခဲ့သူမှန်သမျှကို စစ်အစိုးရက နည်းလမ်းမျိုးစုံသုံး နှိပ်ကွပ်ချေမှုန်း ဒါမှမဖြုံသေးရင် နှစ်ရည်လများထောင်ဒဏ်တွေချမှတ်ကာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို နိုင်ငံတကာနဲ့ပြည်တွင်းနိုင်ငံရေးအင်အားစုတွေက နိုင်ငံရေးအကျဉ်းသား အဖြစ်သတ်မှတ်ကြပါတယ်။

အဲဒီနိုင်ငံရေးအကျဉ်းသားတွေကို စစ်ဝါဒီများက ထောင်တွင်းနှစ်ရှည်လများနှိပ်ကွပ်ချေမှုန်းခဲ့တဲ့ဒဏ်တွေကြောင့် ကိုသက်ဝင်း အောင်အပါအ၀င် နိုင်ငံရေးအကျဉ်း သားများဟာ ထောင်တွင်းမှာပင် အသက်သေဆုံးခဲ့ရပါတယ်။ 
ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများမှာလည်း ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာအရာနိမ့်ပါး ကြေမွခဲ့ကြရတာ ယခု အရပ်သားအစိုးရကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်မဖော်နိုင်သေးတဲ့ NLD အစိုးရလက်ထက်မှာ ပါ ဒီအဖြစ်အပျက်တွေ ရှိနေပါသေးတယ်။

NLD အစိုးရတွင်းမှာလည်း သမ္မတဦးဝင်းမြင့် ကစလို့ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးပေမယ့် နိုင်ငံရေးအကျဉ်းသားများကို ကူညီ စောင့်ရှောက်ဖို့ အဲဘက် မလှည့် နိုင်သေးတဲ့အခြေ အနေတရပ်မှာဆိုတော့ မြန်မာပြည်အနှံ့မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းနေရတဲ့သူတွေကို ဒီအတိုင်းမြင်နေကြားနေရတာပါပဲ။

အဲဒီလို နိုင်ငံရေးအကျဉ်းသားဟောင်းများကို တတ်အားသရွေ့ကူညီပေးနေတဲ့ သူကိုယ်တိုင်လည်း နှစ်ရှည်လများ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးသူ မန္တလေးမြို့က ကဗျာဆရာ မောင်နန်းဝေ(ဗန်းမော်)နဲ့ သူတို့ ဆောင်ရွက်နေတဲ့နိုင်ငံရေးအကျဉ်းသား ဟောင်းများ ကျန်းမာရေးကူညီစောင့်ရှောက်မှုအဖွဲ့(မန္တလေး)အကြောင်းကို မိုးမခ၀ိုင်းတော်သား K ငြိမ်းချမ်းက တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး ။  ။ အကိုက မန္တလေးမှာနေထိုင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေလုပ်နေတာ မြင်ရကြားရပါတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဘယ်အချိန်ကစ အကောင်အထည်ဖော်ဖြစ်တာပါလဲ။

ဖြေ ။   ။ မန္တလေး ဝန်းကျင်မှာရှိတဲ့ အသက်(၇၀)နဲ့အထက် သက်ကြီးနိုင်ငံရေးအကျဉ်းသားဟောင်း(၄၅)ဦးကို ဂါရဝပြု ပူဇော်တဲ့ ပွဲတခု ၂၀၁၇ ခုနှစ် အောက်တိုဘာ လတုန်းက စုပေါင်းလုပ်ဖြစ်ကြတယ်။ ဒီပွဲရဲ့နောက်ဆက်တွဲအနေနဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုမဖြစ်မနေ လုပ်သင့်တယ်လို့ အဲ့ဒီ အချိန်ကတည်းက လက်ခံခဲ့ကြပြီး ၂၀၁၈ ဖေဖော် ဝါရီလ ရောက်တော့ မန္တလေးမြို့ခံ နိုင်ကျဉ်းဟောင်းတွေ ရသလောက်စုစည်းပြီး စတင် အကောင်အထည်ဖော် ဖြစ်တာပါ။

ဒါကို ဘာလို့လုပ်သင့်လဲဆိုတော့ အင်မတန်ကျပ်တည်းလှတဲ့ အမှောင်ခေတ်ကာလမှာ ထောင်မကြောက်၊ တန်းမကြောက်နဲ့ ကိုယ့်ဘဝကို ကိုယ်အထိခိုက်၊အပြိုလဲခံပြီး သမိုင်းအကွေ့၊တစ်ထောင့်တစ်နေရာ ကျရာနေရာ ကနေနိုင်ငံရေးမှာ ပါဝင်ခဲ့ကြတဲ့ လူမသိသူမသိ အညတရတွေ အများအပြားရှိပါတယ်။

ဒီကနေ့အချိန်ကျတော့ သူတို့မှာ ကျန်းမာရေးပြဿနာတွေ ကြုံလာရတဲ့အခါ နှစ်သိမ့်ဖေးမပြီး စာနာနွေးထွေးကူညီအားပေးဖို့လိုအပ်နေပေမယ့် အစိုးရကိုယ်၌က သူတို့တွေကို အသိအမှတ်ပြုမှုလေးတောင်မှ မပြသနိုင်ဘဲ လျစ်လျူရှုထားသလိုဖြစ်နေတယ်။
ဒါကြောင့်မို့ ဒီလို အညတရတွေရဲ့ဘဝတွေအပေါ် လူထုက သတိပြုအာရုံစိုက်လာစေချင်သလို သူတို့ကျန်းမာရေးအခက်အခဲ ဖြစ်လာတဲ့အခါမှာလည်း တတ်နိုင်သ လောက် စိတ်ဓာတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ခုလို “နိုင်ငံရေး အကျဉ်းသားဟောင်းများ ကျန်းမာရေးကူညီစောင့်ရှောက်မှု အစီအစဉ်" တစ်ရပ်ကို လုပ်ခဲ့ကြတာပါပဲ။

မေး ။   ။ အဖွဲ့နာမည်ကို အမည်ပေးထားသေးလား။ အဖွဲ့ကို ဘယ်လိုဖွဲ့စည်းတည်ထောင်ခဲ့ပါသလဲ။ အဖွဲ့ရဲ့ရပ်တည်ချက် (ထောက်ပံ့ကူညီတဲ့ အလှူငွေအတွက်အတွက်) ရော ဘယ်လို ဆောင်ရွက်နေပါလဲ။

ဖြေ ။   ။ အဖွဲ့အမည်ရယ်လို့ သီးခြားပေးထားတာမျိုးမရှိပါဘူး။ "နိုင်ငံရေးအကျဉ်းသားဟောင်းများကျန်းမာရေးကူညီ စောင့် ရှောက်မှု အစီအစဉ်" လို့ပဲ သုံးနှုန်းပါတယ်။ အစီအစဉ်အတွက် လစဉ်ကြေးထည့်ဝင်ဖို့ ကဒ်တွေကို တာဝန်ယူနိုင်သူတွေက တစ်ဆင့် ဖြန့်ဝေထားတာမျိုးပါ။ လစဉ်အနည်းဆုံးကျပ်(၁)ထောင် ထည့်ရပါ့မယ်။
ငွေကောက်ရတာ ကရိကထ မများစေဖို့အတွက် အဆင်ပြေတယ်ဆိုရင်တော့ (၁)နှစ်စာ (ဒါမှမဟုတ်) (၆)လစာ တခါတည်း ပေါင်းထည့်ထားချင်ရင်လည်းရပါတယ်။ တတ်နိုင်တဲ့သူက လစဉ်ကြေးကို ကျပ် (၁)ထောင်ထက်ပိုထည့်တာလည်းရှိတယ်။ လစဉ်ကြေးမဟုတ်ဘဲ မတည်ငွေ လှူဒါန်းလာကြရင်တော့အလှူငွေ လက်ခံဖြတ်ပိုင်းနဲ့ လက်ခံပါတယ်။ရသမျှငွေကြေးအားလုံးကို ဘဏ်အကောင့်တစ်ခုဖွင့်ပြီး အပ်နှံထားတာပါ။

မေး ။  ။ မန္တလေးတိုင်းမှာရော နိုင်ငံရေးအကျဉ်းသားဟောင်း အရေအတွက် ဘယ်လောက်ရှိမလဲ။ အကို့တို့ နိုင်ငံရေးအကျဉ်း သားဟောင်းများ ကျန်းမာရေး ကူညီစောင့် ရှောက်မှု အဖွဲ့က သွားရောက်ကူညီခဲ့သူအရေအတွက် ဘယ်လောက်ရှိ ပါပြီလဲ။ အခြေအနေတွေ ပြောပြပေးပါဦး။

ဖြေ ။   ။ မန္တလေးမြို့ (၇) မြို့နယ်အပါအဝင် အနီးအနား မတ္တရာ၊ ပြင်ဦးလွင်တို့ပါထည့်ရေရင် နိုင်ကျဉ်း အယောက် ၂၀၀ ဝန်း ကျင်ရှိနိုင်ပါတယ်။ မန္တလေးတိုင်းတစ်ခုလုံး အနေနဲ့ဆိုရင် ထောင်ဂဏန်းနီးပါးရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ AAPP ကို မေးကြည့်တော့ လျှောက်လွှာဖောင်နဲ့အတူ အချက်အလက်တွေဖြည့်အပြီး သူတို့ဆီ တရားဝင်အဝင်စာရင်းကမန္တလေးတိုင်းမှာက(၃၈၈)ယောက်လို့ဆိုပါတယ်။

ဒါက မှတ်တမ်းယူအတည်ပြုထားတဲ့စာရင်းမို့လို့အချက်အလက်မကောက်နိုင်သေးတာတွေ အများကြီးကျန်နေပါလိမ့်မယ်။ နိုင်ကျဉ်းဟောင်းကျန်းမာရေး ကူညီစောင့် ရှောက်မှု အစီအစဉ်အနေနဲ့က တစ်ဦးကို ကျပ်(၅)သောင်းကူညီတာပါ။ ၂၀၁၈ မတ်လဆန်းစပြီး ကူညီဖြစ်တာ။ အခု၂၀၁၈ စက်တင်ဘာ(၁) ရက်နေ့အထိ (၆)လ အတွင်း (၃၂)ယောက်(ငွေကြေးအနေနဲ့ စုစုပေါင်းကျပ် ၁၆ သိန်း) ကူညီခဲ့ပါတယ်။

မေး ။  ။ အကိုတို့သွားရောက် ကူညီခဲ့တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့လက်ရှိ ကျန်းမာရေး၊ မိသားစုအရေးတွေကရော အားရကျေနပ်မှုရှိလား။ အဲဒီအပေါ် အကို့ အမြင် မှတ်ချက်လေး။

ဖြေ ။    ။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆိုတာက အမှောင်ခေတ်တလျှောက်လုံး ဘဝတွေကျိုးကြေ၊ စုတ်ပြတ်သတ်အောင် နှိပ်ကွပ်ခံခဲ့ရတဲ့ သူတွေပါ။ ထောင်ထဲ နေရတဲ့တစ်လျှောက်လုံးမိသားစုကထောင်ဝင်စာ လိုက်တွေ့ပြီး ဒုက္ခများခဲ့ရတယ်။ ထောင်ထဲမှာနှစ်ရှည်နေခဲ့ရတဲ့ သူတွေအဖို့ ကျန်းမာရေးလည်း အနည်းနဲ့အများ ယိုယွင်းလာကြတယ်။ တချို့ဆို ကြီးကြီးမားမား ရောဂါတွေတောင် ဖြစ်နေကြတာ။ သူ့ဟာသူတောင် အနိုင်နိုင်ဖြစ်နေတဲ့ မိသားစုအတွက်တော့ ဒီအခြေအနေက ဝန်ထုပ် ဝန်ပိုး ဖြစ်စေတယ်။

အစီအစဉ်အနေနဲ့ကလည်း ပံ့ပိုးဖို့သတ်မှတ်ထားတာက ငွေကျပ် (၅)သောင်းဆိုတော့ သူတို့အတွက် တစ်ပတ်စာဆေးဖိုးလောက် ပဲ ရှိမယ်။ အဲ့ဒီအခါကျတော့ ဒီပြင် ပြင်ပ စေတနာရှင်တွေဆီ ချိတ်ဆက် အကူအညီတောင်းရတာမျိုး လုပ်ရပါတယ်။

မေး ။  ။ အကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းကျောင်းသားတယောက်၊ ပြီးတော့ ကဗျာဆရာတယောက်လည်းဖြစ်တယ်။ ဘယ်လိုလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ဘယ်လို ပုဒ်မတပ်၊ ဘယ်ထောင်အချခံခဲ့ရတယ်ဆိုတာတွေ ပြောပြပါဦး။

ဖြေ ။    ။ ၈၈ ဖြစ်တော့ ကျွန်တော်က ၁၀ တန်းတက်နေတယ်။ ၁၉၈၉ -၁၉၉၀ ကာလမှာတော့ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂရဲ့အဖွဲ့ဝင်ပါ။ နောက်တော့ ကိုမင်းမင်းဦးခေါင်းဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်သမဂ္ဂများအဖွဲ့ချုပ်(ဗလသ)ထဲရောက်သွားတယ်။

၁၉၉၆ မှာတော့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှာ ပူးပေါင်းပါဝင်ခဲ့တယ်။ ထောင်ထဲနေခဲ့ရတဲ့ ကာလအနေနဲ့ ၁၉၉၀ ခုနှစ် နန်းတွင်း ထောင်မှာ ပုဒ်မ ၅၀၅(ခ)နဲ့ ၅ လကြာ။ ၁၉၉၂ ခုနှစ် နန်းတွင်းထောင်မှာပဲ (၁)လခွဲကြာ ထိန်းသိမ်းနဲ့၊ ၁၉၉၈ ရောက်တော့ အိုးဘိုထောင်မှာ ပုဒ်မ ၁၂၄(က)နဲ့ ၁၁ နှစ်ခွဲကြာ နေခဲ့ရတယ်။

မေး ။   ။ ထောင်ကျခဲ့စဉ် (ကျန်းမာရေး၊ ထောင်ဝင်စာ စသဖြင့်) ထောင်တွင်း အခြေအနေလေးအကျဉ်းပြောပါဦး။

ဖြေ ။  ။ ထောင်ထဲရောက်တာနဲ့ ဒုဗ္ဗိက္ခန္တရကပ်(အငတ်ဘေး) ဆိုက်ကြစမြဲမို့ ဒါကိုတော့ ထူးပြီးပြောစရာမရှိပါဘူး။ "သခင်အားရ ကျွန်ပါးဝ"ဆိုသလို ထောင်အာဏာပိုင် အများစုက နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရန်သူလိုသဘောထားပြီး အမြဲဖိနှိပ်လေ့ရှိပါ တယ်။ အာဟာရဓာတ်ချို့တဲ့ပြဿနာရယ်၊ အကျဉ်းခန်းထဲမှာ နှစ်လတာရှည် ပိတ်လှောင်ခံရတဲ့ ဒဏ်ရယ်၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းခံရမှုတွေကြောင့် ရေရှည်မှာ ခနာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်စေတယ်။

ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ကလည်း နှာစေး၊ ချောင်းဆိုးအတွက်တောင်မှ ပါရာစီတမောနဲ့ ဘာမီတွန် တပြားလောက်ရဖ်ို့ကို အတော်ခက်ပါတယ်။ ရောဂါကြီးကြီးမားမား ဖြစ်လာရင် သောက်ရမယ့်ဆေးကို ထောင်ဆရာဝန်က ဆေးစာပဲ ရေးထားပေးပြီး အိမ်ကလာတွေ့တဲ့အခါကျမှ ဝယ်ခိုင်းရတာမျိုးပါ။

မေး ။  ။  လက်ရှိအစိုးရမှာ သမ္မတဦးဝင်းမြင့်ကစလို့ တော်တော်များများက နိုင်ငံရေးအကျဉ်းသား ထောင်ကျဖူးသူတွေဖြစ် တယ်။ အဲဒီနိုင်ငံရေးအကျဉ်းသားဟောင်းတွေ အစိုးရတရပ်ဖြစ်လာတော့ လက်ရှိ မြန်မာပြည်အနှံ့မှာ ကူညီစောင့် ရှောက်မှုမရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် ဘာများပြောဆိုချင်တာ ရှိလဲ။ အကြံပြု ပြောချင်တာရှိရင်….။

ဖြေ ။  ။ နိုင်ငံရေးအကျဉ်းသားဟောင်းများကျန်းမာရေးစောင်ရှောက်မှု အစီအစဉ်အနေနဲ့က လောလောဆယ်မှာ မန္တလေး (၇)မြို့နယ်နဲ့ အနီးတဝိုက် မတ္တရာ၊ ပြင်ဦး လွင်တို့လောက်ပဲ ကူညီနိုင်တာပါ။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ကူညီနိုင်ဖို့ အစိုးရက "ကမကထ" လုပ်မှရမယ်။

နိုင်ကျဉ်းဟောင်းတွေအတွက် အခမဲ့ဆေးခန်းတွေ၊ အထီးကျန်နေတဲ့ အိမ်တွင်းပုန်း နိုင်ကျဉ်းဟောင်းသက်ကြီးရွယ်အိုတွေ တွေ့ဆုံနိုင်မယ့် အပန်းဖြေရိပ်သာ (ကလပ်)တွေ၊ ရှိစေချင်တယ်။ အခုဟာက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆင်ခေါင်းကို ခွေးချီ နေရတာ။ ရွေ့တာမရွေ့တာက နောက်။ ချီဖို့ကြိုးတော့ကြိုးစားနေရတာပဲ။

မေး ။  ။ အကိုတို့ ကူညီစောင့်ရှောက်မှုတွေကရော ကျန်းမာရေး၊ စီးပွားရေးအစရှိသဖြင့် ထိခိုက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေအတွက် ဘယ်လောက် အတိုင်းအတာထိ ကူညီရာရောက်သလဲ။ ရေရှည်အတွက်မှာရော သူတို့ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး နည်းလမ်းတွေ စဉ်းစားထားတာရှိပါသလဲ။ ဘယ်လိုအကူအ ညီတွေလိုအပ်ပါသလဲ။

ဖြေ ။  ။ ထောင်ထဲမှာ နှစ်ရှည်နေခဲ့ရသူတွေအတွက် ဆိုရင်တော့ သူတို့ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကို အချိန်ယူ ကုစားပေးဖို့ လိုမယ်လို့ထင်တယ်။ အစီအစဉ်ကနေ ပံ့ပိုးပေးနိုင်မှုအပေါ် အမှန်အတိုင်းဝန်ခံရရင်တော့ သွေ့ခြောက်ညိုးရော်နေတဲ့အပင်ကို နားဖာကလော်တံလေးနဲ့ ရေတစ်ကြိမ်လောက်ခပ်လောင်းပေးနေရသလိုပါပဲ။ 

ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ရဲ့မျက်ရည်ကို တစ်ယောက်သုတ်ပေးပြီး တစ်ယောက်ရဲ့လက်ကို တစ်ယောက်က ဆုပ်နယ် အားပေးခွင့်ရတဲ့ မေတ္တာအချိန်အခါ အခိုက်အတန့်လေးတွေကို ပိုပြီးတော့ များများစားစား ရှိလာစေချင်တယ်။
ရေရှည်အတွက်ဆိုရင် အများထည့်ဝင်လှူဒါန်းငွေသက်သက်ကိုသာ မျှော်ပြီး ရပ်တည်တာမျိုးထက် နိုင်ကျဉ်းဟောင်းကျန်းမာရေး ရန်ပုံငွေ ပုံမှန်ရနိုင်မယ့် လုပ်ငန်းတွေ ထူထောင်နိုင်ရင်ပိုကောင်းမယ်။ နိုင်ကျဉ်းဟောင်းတွေကိုလည်း ဒီလုပ်ငန်းတွေထဲမှာ အလုပ်ခန့်ထားနိုင်မယ်။
ဖြစ်နိုင်ရင် နိုင်ကျဉ်းဟောင်းတွေရဲ့အထွေထွေကျန်းမာရေး စောင့်ရှောက်မှုစင်တာ၊ နိုင်ကျဉ်းဟောင်းဘိုးဘွားရိပ်သာနဲ့ နိုင်ကျဉ်း ဟောင်းတွေဆုံစည်းနိုင်မယ့် (Book Club)လိုမျိုးတစ်နေရာ၊ နိုင်ကျဉ်းဟောင်းများရဲ့သမိုင်းပြတိုက်၊ သက်ကြီးနိုင်ကျဉ်းဟောင်း များရဲ့ ဘုရားဖူးခရီးစဉ်၊ ဒါမျိုးတွေအထိ လုပ်ချင်တယ်။

မေး ။    ။ ၂၀၁၇မှာ အကိုက ပန်းလို လွယ်လွယ်မကြွေတဲ့ကြယ်(သို့မဟုတ်) ကြယ်စင်တေး ဆိုတဲ့ စာအုပ်ကိုရေးသားထုတ် ဝေထားတယ်။ အဲဒီစာအုပ်မှာ ချင်း အမတ်သူရဲကောင်း ဦးဒိုထောင်း၊ အငြိမ်းစားပညာရေးမှူး ဦးတင်မောင်အေး၊ သံမဏိ သူရဲကောင်း ဦးမောင်ကို၊ ကိုသက်ဝင်းအောင်၊ ဦးဌေးလွင်ဦး၊ ကိုချိုကြီး၊ ကိုရာပြည့်၊ ဆရာမီးပွား၊ ကျောင်းသား ခေါင်းဆောင် ကဗျာဆရာ ညိုမင်းထက်၊ စောလားဒို၊ မောင်သိန်းလှ၊ ဦးမောင်နွတ်၊ တောင်သူကြီး ဦးမြင့်အောင်အစရှိတဲ့ ပုဂ္ဂိုလ်တွေ အကြောင်းပါဝင်တယ်။ စာအုပ်ရေးသားဖြစ်ဖို့ ရည်ရွယ်ချက်လေးလည်း ပြောပြပေးပါ။

ဖြေ ။   ။ စစ်အာဏာရှင်အောက်က မြန်မာပြည်သမိုင်းဟာ အင်မတန်ကြေကွဲနာကျည်းခံပြင်းစရာ တွေနဲ့ပြည့်နှက်နေတယ်။ ဒီအတိတ်သမိုင်းမြို့ဟောင်းတွေက နှစ်ပေါင်း များစွာကြာအောင် မြေအောက်မှာ ဖုံးဖိဖျောက်ဖျက်ခံနေရတာ။ ဒါတွေကို နောင် လာမယ့်ကလေးတွေ သိမှဖြစ်မယ်။ သမိုင်းအမှန်ကို နားလည်မှ ဘယ်ဟာဖြင့် ဓမ္မ၊ ဘယ် အရာကတော့ အဓမ္မ၊ စိစစ်တတ် လာမယ်။
လူငယ်တွေအနေနဲ့ အာဏာရှင်လူလည်၊ လူလိမ်တွေ ဂျင်းထည့်သမျှ အဟုတ်အမှန်မထင်ကြစေချင်ဘူး။ ဒါကြောင့် လက်လှမ်း မီသလောက် သက်ရှိသမိုင်းအဖြစ်အပျက် အပေါ်အခြေခံပြီး ရုပ်ပုံလွှာကောက်ကြောင်းဆန်ဆန် “ကြယ်စင်တေး”ကို ရေးဖြစ်ပါ တယ်။
တကယ်တော့ သမိုင်းမြို့ဟောင်းတူးဖော်မှုအတွက် ဒီ “ကြယ်စင်တေး”စာအုပ်က မြေတူးစက်(ဒါမှမဟုတ်) ပေါက်တူးတစ်လက်ဆိုတာထက် ပင်အပ်လေးတစ်ချောင်း အဖြစ်နဲ့ပဲ ပါဝင်တူးဆွဖြစ်တာမျိုးပါ။

မေး ။     ။ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေး ကူညီစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး လက်ရှိ ဒီမိုကရေစီ အသွင်ကူး ပြောင်းဖို့ကြိုးစားနေတဲ့ NLDအစိုးရကိုရော ဘာများတောင်းဆိုချင်တာ အကြံပြုချင်တာ ရှိပါသလဲ။

ဖြေ ။     ။ စစ်အစိုးရအုပ်စိုးတဲ့ခေတ်မှာ နိုင်ငံရေးလုပ်ပြီးထောင်ကျခဲ့သူတွေဟာ လူလိုသူလို ရှင်သန်ခွင့်မရဘဲ အဖက်ဖက်ကနေ ချိုးနှိမ်ခံခဲ့ကြရတာမို့ ခုနေခါ ရပ်တည်ရှင်သန်မှု ခက်ခဲနေတတ်ကြတယ်။
လူထုကိုယ်စားပြု အရပ်သားအစိုးရတဖြစ်လဲ NLD အနေနဲ့ သူကိုယ်၌က လုပ်ရကိုင်ရခက်တာမျိုးတွေ ရှိနေပေငြားလည်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ယိုယွင်းနေသူ တွေအတွက်တော့ လုပ်ပေးနိုင်လို့ရနိုင်တဲ့ အတိုင်းအတာထဲကနေ လိုအပ်နေတာတွေ ကို အချိန်မီ ဖြည့်ဆည်း၊ ပံ့ပိုး၊ ကူညီပေးနိုင်ရင် ကောင်းပါ့မယ်။ အချိန်မီလို့သုံး ပါတယ်။ တချို့ကိစ္စတွေမှာ နှစ်ကြိမ်နှစ်ခါဆိုတာ မရှိလို့ပါ။ သေမှပဲ ဝမ်းနည်းစကားဆိုရုံ၊ မျက်နှာလေး လာပြရုံနဲ့တော့ မဖြစ်ပါဘူး။

ကျန်းမာရေးအရ တကယ်လိုအပ်ချက် ရှိနေသူတွေအတွက် နိုင်ငံတော်အဆင့်ထိ မရောက်နိုင်သေးတောင် တဦးချင်းတယောက် ချင်း အနေနဲ့ပဲဖြစ်ဖြစ် လုပ်ပေး နိုင်တာများရှိမလား စဉ်းစားစေချင်တယ်။
နောက်တစ်ခုက လက်ရှိအခြေအနေဟာ ဒီမိုကရေစီလိုလားသူနဲ့ စစ်အာဏာဘက်တော်သားတို့အကြား။ တနည်းပြောရရင် အလင်းနဲ့အမှောင်၊ ဓမ္မနဲ့အဓမ္မ၊ အမှန်နဲ့အမှား အားပြိုင်နေဆဲမို့ အန္တိမ ပန်းတိုင်ကိုရောက်ဖို့အတွက် အားလုံးညီညွတ်ဖို့လိုတဲ့ ကာလပါပဲ

လူထုအစိုးရအနေနဲ့ နိုင်ကျဉ်းဟောင်းတွေရဲ့ပါဝါအင်အားကို မေ့မထားစေချင်ပါဘူး။ နိုင်ကျဉ်းဟောင်းတွေရဲ့ခွန်အားနဲ့အတွေ့ အကြုံတွေကို လိုအပ်သလို အသုံးပြုနိုင် ဖို့ရာ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့လည်း ထင်ပါတယ်။

မေး ။   ။ နောက်ဆုံးမေးခွန်းပေါ့အကို။ ကဗျာဆရာလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တော့ ထောင်ဆိုတာ နိုင်ငံရေးသမားအတွက် လိုအပ်သေးလား။ ဘာကြောင့်ပါလဲ။

ဖြေ ။  ။ "ထောင်"ဆိုတာ လူအချင်းချင်း ရက်စက်ကြမ်းကြုတ်မှုကို ဖော်ကျူးထားရာ အမှတ်သင်္ကေတလို့ မြင်ပါတယ်။ တကယ်ဆို ထောင်ကျ အကျဉ်းသားတွေရဲ့ဘဝက "ပြိတ္တာ"တွေနဲ့ သိပ်မထူးလှပါဘူး။ "ထောင်"ဆိုတာ "လောကငရဲ"တစ်ခုပါပဲ။
အာဏာရှင်တွေကတော့ ရက်စက်မှုအပေါ်မှာမှ ယုတ်မာမှုကို ဆင့်လိုက်ကြသေးတာ။ ကိုယ်နဲ့မတူတဲ့၊ ကိုယ့်ကိုဆန့်ကျင်သူတိုင်း ကို အကျဉ်းချ ပိတ်လှောင်ထားလိုက်ရုံနဲ့ တော့ အဖြေမှန်ထွက်လာမယ် မဟုတ်ပါဘူး။ နိုင်ငံရေးယဉ်ကျေးမှုရှိသူတွေဆိုရင် သိက္ခာရှိရှိ ဆွေးနွေး ၊ညှိနှိုင်း ဖြေရှင်းကြမှာပါပဲ။ တစ်ခုရှိတာ နိုင်ငံရေးမှာ မရိုးသားသူ ကိုတော့ လူထုက လက်ခံလိမ့်မယ်မဟုတ် ဘူး။

မေး ။   ။   အကို နန်းတွင်းထောင်မှာလား အိုးဘိုထောင်မှာလား မသိတဲ့အချိန်တုန်းက ကဗျာဆရာနေမျိုးနဲ့တွဲထုတ်တဲ့ပန်းဖလက်မှာ"အနာဂတ်တွေ စီးဆင်းခွင့်မရှိသူ အုတ်အင်္ဂတေကန်ရဲ့ရင်ထဲ ရေပိုက်ခေါင်းလေးကတဆင့် မျက်ရည်တစက်စက် ယိုတယ်" ဆိုတဲ့ စာသားတွေပါတဲ့ကဗျာဖတ်ဖူးတယ်။ အဲဒီကဗျာနဲ့ပတ်သက်ပြီး တခုခုပြောပေးပါဦး။

ဖြေ ။   ။ အဲဒါ ၁၉၉၈ မှာပါ။ Companion Media Group(CMG)ဆိုတဲ့ ကြော်ငြာကုမ္ပဏီကို စုပေါင်းလုပ်နေကြရင်းက ကိုနေမျိုး (ကဗျာဆရာ)၊ ကိုတင်သစ် (ယခုလွှတ်တော်အမတ်)၊ ကိုနေထွတ်(ယခု RFA)၊ ကိုသီဟမောင်မောင်(ဒီဇိုင်း)တို့နဲ့ ထုတ်ဖြစ်ကြတဲ့ ဖန်းဖလက်ထဲမှာ အဲ့ဒီကဗျာ ပါပါတယ်။ စာသားက "အနာဂတ်တွေ စီးဆင်းခွင့် မရှိသူ အုတ်အင်္ဂတေကန်ရဲ့ ရင်ထဲ၊ နာကျင်မှုကို ဖွင့်ချဖို့ မဖြစ်နိုင်သေးတဲ့ ရေပိုက်ခေါင်းလေး မျက်ရည် တစက်စက်ယိုတယ်" အဲ့ဒီတုန်းက ကိုယ့်ကိုယ်ကိုယ် ရေပိုက်ခေါင်းလေး လို နာကျင်ခံစားနေရပြီး ဘဝကလည်း ဘောင်ခတ်ကန့်သတ် ခံထားရတဲ့ အုတ်ရေကန်လေးလိုဖြစ်နေချိန်မို့ အဲ့လို ရေးဖွဲ့ခဲ့မိ တာ ပါ။

မေး ။    ။  အကိုဖြည့်စွက် ပြောချင်တာများ ရှိရင်ပြောပေးပါဦး။

ဖြေ ။    ။   သေနတ်မိုးပြီးအုပ်စိုးခဲ့ချိန်တုန်းက နိုင်ငံရေးလုပ်တယ်ဆိုတာ အသက်သေရင်သေ၊ မသေရင် ဘဝပျက်ပဲ။ ဒီလိုဖြစ် လာနိုင်တာ သိသိနဲ့ ဘာကိုယ်ကျိုးမှ မငဲ့ဘဲ တိုင်းပြည်အပေါ် ချစ်တာသက်သက်ကြောင့် နိုင်ငံရေးလုပ်ခဲ့ကြသူတွေဟာ ခုနေခါမှာ ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေးနဲ့ လုပ်ပိုင်ခွင့်အပါအဝင် အခြား ဘယ်အရာကိုပဲ ဖြစ်ဖြစ် ကိုယ်ကျိုးအတွက် မျှော်ကိုးတဲ့စိတ် ကင်းရှင်းကြတယ်လို့ ဒီလိုပဲ မြင်ပါတယ်။

ခေတ်ကြီးက အပ်နှင်းလာလို့ လုပ်သင့်လုပ်ထိုက်တယ်ထင်တာကို လုပ်ခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် "သစ်ခုတ်သမား" ဆိုတာ က သူ့လက်ထဲက ပုဆိန်ကြီးကို အမြဲတမ်း တယမ်းယမ်း လုပ်ပြနေမယ့်သူလည်း မဟုတ်ဘဲ။ သစ်ခုတ်ရာသီကုန်ချိန်မှာ ကိုယ့် ပုဆိန်လေး ကိုယ်ထမ်း၊ ကိုယ့်ဒဏ်ရာ ကိုယ့်ဘာသာစမ်းပြီး လာလမ်းအတိုင်း အိမ်ပြန်လာခဲ့ရုံပါပဲ။ 
ခုလိုဖြေကြားခွင့်ရခဲ့တဲ့အပေါ်မှာလည်း မေးမြန်းပေးသူကို ကျေးဇူးတင်ရှိကြောင်းပြောပါရစေ။

Comments