ဝင်းနန္ဒာ နှင့် လွမ်းဒေါင်/ Myanmar Nowေ - ရွှေတိဂုံရွှေပြား ညိုမည်းသွားခြင်းအကြောင်း လုပ်ငန်းရှင် ခုခံပြောကြား


ဝင်းနန္ဒာ ၊ လွမ်းဒေါင် (Myanmar Now) ● ရွှေတိဂုံရွှေပြား ညိုမည်းသွားခြင်းအကြောင်း လုပ်ငန်းရှင် ခုခံပြောကြား
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂ဝ၁၈

ရွှေအရည်အသွေး ကောလာဟလ  အဆုံးသတ်ရန် စစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းမည်ဟု ရွှေတိဂုံ ရွှေစင်ပြားထုတ်လုပ်သူက ဆိုသည်။


စက်တင်ဘာ ၂ဝ ရက်နေ့က နမူနာရွှေပြားများ ပြသနေသော ရွှေတိဂုံ ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦး (ဓာတ်ပုံ - လွမ်းဒေါင်/Myanmar Now)

 ရွှေတိဂုံစေတီတော် ထိပ်ပိုင်းတွင် ကပ်လှူပူဇော်ထားသော ရွှေပြားများ ညိုမည်းလာပြီးနောက် ထွက်ပေါ်လာသည့် ကောလာဟလများအကြောင်း ဖြေရှင်းရန် အသင့်ရှိကြောင်း ရွှေပြား တာန်ယူ ထုတ်လုပ်ခဲ့သည့် ‘ရတနာကျွန်း’ ရွှေပန်းတိမ်လုပ်ငန်းက စက်တင်ဘာ ၂၁ တွင် Myanmar Now သို့ ပြောသည်။

အထင်ကရစေတီတော်၏ ကြာမှောက်ကြာလှန် ဧရိယာတွင် အရောင်ပြောင်းသွားခြင်းမှာ ရွှေပြား ထုတ်လုပ်သူတွင်သာ အဓိကတာဝန်ရှိကြောင်း ဂေါပကအဖွဲ့က  ရှင်းလင်း ပြောဆိုပြီး နောက်တစ်နေ့တွင်   ‘ရတနာကျွန်း’ ဘက်က ယင်းကဲ့သို့ တုန့်ပြန်ခဲ့ခြင်း  ဖြစ်သည်။

လာမည့် လများအတွင်း ပြည်ထောင်စုအဆင့်က ဦးဆောင်ပြီး ပညာရှင်များပါင်သည့် ကော်မတီ ဖွဲ့စည်းကာ ရွှေပြား အရည်အသွေး စစ်ဆေးမည့် အစီအစဉ်တွင် ပူးပေါင်းသွားရန် အဆင်သင့် ရှိနေကြောင်း၊  စစ်ဆေးမှု အဖြေထွက်လာပါက အားလုံး ရှင်းလင်းသွားမည် ဖြစ်ကြောင်း  မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် အခြေစိုက် ‘ရတနာကျွန်း’ ရွှေပန်းတိမ်လုပ်ငန်းပိုင်ရှင် ဦးစန်းလွင်က ပြောသည်။

“ငြမ်းပေါ်က ဖြုတ်ချပြီး ဒါတွေကို(ရွှေပြားတွေကို) ပညာရှင်နဲ့ စစ်ဆေးတဲ့အခါ ရှင်းသွားမှာပါ” ဟု ဦးစန်းလွင်က ပြောသည်။

ဂေါပကအဖွဲ့ ရှင်းလင်းချက်
အဆိုပါရွှေပြားများသည် အရည်အသွေး မပြည့်ခြင်းကြောင့် မဲညစ်သွားခြင်းဖြစ်ကြောင်း အွန်လိုင်း လူမှုကွန်ရက်တွင် ထင်မြင်ချက် အများ အပြား ပေါ်ပေါက်နေရာ  ဂေါပကအဖွဲ့က ရွှေပြားတို့၏ အရည်အသွေးသည် ၁၆ ပဲရည် ရှိကြောင်း တုန့်ပြန်ထားသည်။

ရွှေသင်္ကန်း ကပ်လှူပူဇော်ရေးအတွက် မကြာသေးမီ ရက်ပိုင်းအတွင်းက စတင်သော ငြမ်းတည်ဆောက်ရေး လုပ်ငန်းများ  အပြီးတွင် စုံစမ်းစစ်ဆေးမှု စတင်မည်ဟုလည်း ဂေါပကအဖွဲ့က ကြေညာထားသည်။
“စုံစမ်း စစ်ဆေးတဲ့ ကိစ္စကြီးက ပြည်ထောင်စုအဆင့် ကနေ လုပ်မယ်၊ ရွှေပြားတွေကိုဖြုတ်မယ်၊ ဖြုတ်ပြီးတာနဲ့ စစ်တဲ့အခါမှာ ရွှေပါဝင်မှု ရာခိုင်နှုန်းပေါ် မူတည်ပြီး မှန်မှန်ကန်ကန် လုပ်ခဲ့တာ ဟုတ်လား၊ မဟုတ်လား ဆိုတာ ပေါ်လာမှာပါ။ အဲ့ဒီ စစ်ဆေးတွေ့ရှိချက်ပေါ် မူတည်ပြီး ကုမ္ပဏီကို လိုအပ်သလို စစ်ဆေး ဆောင်ရွက် သွားမှာပါ”  ဟု ဂေါပကအဖွဲ့မှ စီမံရေးနှင့်လုံခြုံရေးတာဝန်ခံ ဦးသောင်းထိုက်က Myanmar Now ကို ပြောသည်။

ရွှေပြား ၃,၉ဝဝ ရှိသည့် ကြာမှောက်ကြာလှန် ဧရိယာတွင် ၂၁၄ ခုနှစ်က ရွှေပြား ၁,၈ဝဝ ကျော် လဲလှယ်ခဲ့ကြောင်း  ဂေါပကအဖွဲ့ မှတ်တမ်းအရ သိရသည်။

ရွှေပြားများ ညိုမည်းနေခြင်းကို  စတင် သတိထားမိလာကြသည့် ၂ဝ၁၆ ကတည်းက  ပြန်လည်ပြုပြင်ရေးအတွက်  ဆွေးနွေးခဲ့ကြောင်း ရွှေတိဂုံ ဂေါပကအဖွဲ့ ရွှေနှင့် ရတနာ ဌာန  တာဝန်ခံ ဦးညိုဝင်းက စက်တင်ဘာ၂ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဓာတုဆေးရည်
စတင် ကပ်လှူစဉ်က ရွှေစင်ပြားများ သန့်စင်ရန် ဆိုက်ယာနိုက် ဓာတုဆေးရည် အသုံးပြုခဲ့ကြောင်း၊  အောက်ဘက်တွင် ရွှေမျက်ပါးသင်္ကန်း ကပ်လှူနေသည့်အချိန် ဖြစ်ခြင်းကြောင့် ကြာမှောက်ကြာလှန် ဧရိယာ တဝိုက်ကို ရေလုံလောက်စွာ အသုံးမပြု ခဲ့ရသည့်အတွက် ညိုမည်းသွားရသည်ဟု ရွှေစင်ပြား ထုတ်လုပ်သည့် ‘ရတနာကျွန်း’ ဘက်က အကြောင်းပြကြောင်း ဂေါပကအဖွဲ့က   ပြောကြားခဲ့သည်။

 
‘ရတနာကျွန်း’ ရွှေပန်းတိမ် လုပ်ငန်းပိုင်ရှင် ဦးစန်းလွင်ကလည်း ရွှေ ၁၆ ပဲရည်ကို ဆိုက်ယာနိုက် ဓာတုဆေးဖြင့် ဆေးကြောပါက ညိုမည်းလေ့ရှိကြောင်း၊ အဆိုပါပြသနာကို နားလည်သဘောပေါက်ရန် နည်းပညာပိုင်း ဆိုင်ရာ ရှင်းလင်း တင်ပြရမည်ဖြစ်သောကြောင့် နှုတ်ဖြင့် ရှင်းလင်း ပြောခြင်းထက် လက်တွေ့ လုပ်ပြခြင်းက ပိုမို ထိရောက်ကြောင်း ပြောသည်။

“အချိန်တန်တဲ့အခါ အားလုံး ရှင်းသွားမှာပါ။ မစိုးရိမ်ကြပါနဲ့” ဟု ၄င်းက ပြောသည်။

Comments