ဆောင်းယွန်းလ ● ကြည့်လို့ကောင်းတဲ့ တကယ့်အဖြစ်အပျက်များ


ဆောင်းယွန်းလ ● ကြည့်လို့ကောင်းတဲ့ တကယ့်အဖြစ်အပျက်များ
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၈

ကိုယ်ယုံကြည်လို့ ဆွဲထုတ်လိုက်တဲ့ဓါးမှာ
အသွားပါမလာခဲ့ဘူး
ဘာပဲဖြစ်ဖြစ်
တုတ်တချောင်းအဖြစ် သတ်မှတ်ပစ်လိုက်လို့တော့ရသေးတယ်

ခါးကြားထိုးထားတဲ့ သေနတ်ကိုဆွဲထုတ်မိမှ
သေနတ်ဟာ ဖိနပ်ဖြစ်နေတာကို တိတိကျကျသိရတယ်
ဘာပဲဖြစ်ဖြစ်
မိမိရရပြေးနိုင်ဖို့တော့ လုံလောက်သွားတာပေါ့

အပြန်မရှိတဲ့ ရထားပေါ်ထိုင်ရင်း
အိမ်မက်ထဲမှာ
အသွားအပြန် လေယာဉ်လတ်မှတ်ဖြတ်မိပြန်တယ်
ပိုက်ဆံမရှိတဲ့ အကြောင်းကို
နိုးနေတဲ့စိတ်က သတိပေးပြီး
အိပ်ပျော်သွားတဲ့ ကိုယ်ကမေ့လျော့နေတယ်

ကြိုးတန်းပေါ် လမ်းလျှောက်ရမှာကြောက်လို့ 
လမ်းပေါ်ကို ကြိုးတန်းတင်ပြီးလျှောက်မိတယ်
တယောက်ပြီးတယောက်ပျောက်သွားတဲ့ နေ့စွဲတွေထဲမှာ
တနေ့ပြီးတနေ့ကြီးထွားလာတဲ့ သံသယများ

ဘဝဟာ
အသံထွက်ကောက်ဖတ်ကြည့်လို့ကောင်းတဲ့ ဇာတ်ဝင်ခန်းတခန်းဖြစ်ပြီး
ချရေးကြည့်လို့ မကောင်းတဲ့ ဇာတ်ကားတကားဖြစ်တယ်
ဟန်ကိုယ့်ဖို့ ဆိုတဲ့စကားကို သရုပ်ဖော်ဖို့
မှန်ရှေ့ရပ်ကြည့်တော့ ကိုယ့်ရုပ်ကိုယ်ပြန်မမြင်ရပြန်ဘူး
မှန်ရှေ့မှာ
ကိုယ်မဟုတ်တဲ့သူနဲ့ 
သူမဟုတ်တဲ့ကိုယ်ဟာ တယောက်တည်းပဲ
ဒါပေမဲ့ တယောက်စီ

မျက်နှာပေါ်မှာ အရယ်အပြုံးကိုထားစရာနေရာမရှိသလို
မြေကြီးပေါ်မှာ ခြေထောက်ချဖို့လည်း နေရာမရှိခဲ့ဘူး
စားစရာမရှိတဲ့အကြောင်း
ရေးမကောင်းသလို ဖတ်လို့လည်းမကောင်းခဲ့ဘူး
ထားစရာနေရာမရှိတဲ့အကြောင်းကျတော့ မြင်လို့ကိုမကောင်းခဲ့ပြန်ဘူး။

ဆောင်းယွန်းလ

Comments