အောင်သဇင် ● ငြိမ်းချမ်းရေးကို ပိတ်ဆို့တားဆီးနေတဲ့ ကာချုပ်မင်းအောင်လှိုင်

အောင်သဇင် ● ငြိမ်းချမ်းရေးကို ပိတ်ဆို့တားဆီးနေတဲ့ ကာချုပ်မင်းအောင်လှိုင်
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၈


ဗမာပြည်မှာ တကယ့်ငြိမ်းချမ်းရေးရဖို့၊ ဖက်ဒရယ်သမတနိုင်ငံထူထောင်ဖို့၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ အာရှကျား နိုင်ငံဖြစ်ဖို့ အဓိကဆူးငြှောင့်ခလုတ်ကြီးက မင်းအောင်လှိုင်နဲ့ ခြွေရံသင်းပင်းတွေဘဲဖြစ်တယ်၊ ကာချုပ်မင်း အောင်လှိုင်ကို မြှောက်ပေးနေသူတွေ ညာဝါးစားနေသူတွေလဲပါတယ်။ ဒါ့အပြင် ရိုးရိုးသားသား မသိနားမလည် လို့ ပေါင်းသင်းဆက်ဆံ အားပေးနေသူတွေလဲပါတယ်။ ဗမာစကားမှာ အချက်မသိတော့ သားမက်သူခိုးထင် ဆိုတဲ့ စကားပုံရှိပေမဲ့ အခုဖြစ်နေတာက အကျိုးမသိတော့ သူခိုးသားမက်ထင် ဖြစ်နေတယ်။

၁၉၈၈ ခု စစ်အာဏာသိမ်းပြီးနောက် တပ်ချုပ်ကြီး ဗိုလ်သန်းရွှေအစီအစဉ်နဲ့ ဗမာစစ်တပ်အင်အားတိုးချဲ့ခဲ့တာ မူလက ၅ သိန်းထိရည်ရွယ်ခဲ့တယ်။ တိုက်ခိုက်ရေးတပ်ရင်းပေါင်း ၁၈၀ ခန့်ကို ၅၅၀ အထိ တိုးချဲ့ခဲ့ပြီး တခြား လက်ရုံးဝန်ထမ်းတပ်ဖွဲ့တွေကိုလဲ အချိုးကျတိုးခဲ့တယ်။ ဒီလိုနဲ့ ၂၀၀၅ ခုလောက်မှာ ၃ သိန်း ၇ သောင်းထိ ဖြစ်လာ ခဲ့တယ်။
၂၀၀၆-၂၀၀၇ မှာတော့ ရှေ့တန်းတပ်ရင်းတရင်းမှာ အင်အား ၂၂၀ လောက်ရှိသေးတယ် (နောက်တန်းမှာ ချန် ထားတာ ၃၀-၄၀ ရှိတယ်)။ ၂၀၀၉ ကိုးကန့်တိုက်ပွဲမှာ တပ်မ ၉၉ က ၁၀ ရင်းစလုံးရှေ့တန်းပို့တာ စုစုပေါင်း ၁၆၀၀ ကျော် ၁၇၀၀ လောက်ရှိလို့ တရင်းမှာ အင်အား ၁၅၀ လောက်ရှိနေတယ်။ အဲဒါကို စုစုပေါင်း ကားအစီး ၄၀ ကျော်နဲ့ ပို့ခဲ့ရတယ်။

၇၀ ခုနှစ်-၈၀ ခုနှစ်တွေတုန်းက တပ်မတခု ရှေ့တန်း တက်လာရင် အင်အား ၄၅၀၀ ပါတယ်။ တပ်ရင်းတရင်း အတွက် ကား ၄၂ စီးသုံးရတယ်။

၂၀၁၆ လေးလပတ်အစည်းအဝေးတခုမှာ ရှေ့တန်းတပ်ရင်းတွေ အနဲဆုံး အင်အား ၁၀၀ ရှိရမယ်လို့ အမိန့် ထုတ်ခဲ့ရတယ်။ အခု ၂၀၁၈ မှာတော့ တရင်းကို အနဲဆုံး ၈၅ ယောက် ရှေ့တန်းထွက်ရမယ်လို့ အမိန့်ပြင်ထုတ် ရပြန်တယ်။ ဒီပုံစံအတိုင်းဆို မကြာခင် တရင်းမှာ ရှေ့တန်းအင်အား ၅၀ ဖြစ်တော့မယ်။ အခု ဗမာစစ်တပ်တခု လုံးအင်အားက လွန်ရောကျွံရော တသိန်းခွဲလောက်ဘဲရှိမယ်။

ဒီကနေ့တပ်ထဲမှာ တပ်သားဘဝနဲ့ ဗိုလ်ချုပ်တွေဘဝ ကွာဟချက်ကြီးနေတယ်။ ဗမာပြည်စစ်တပ်သမိုင်းမှာ ဒါလောက်ကွာဟချက်များတာ မရှိဖူးဘူး။ တပ်ထဲမှာ ၆၀ ရာခိုင်နှုန်းက ငတ်ပြတ်မွဲတေနေတယ်။ တပ်ထဲမှာ ငတ်ပြတ်လို့ ပြေးကြတယ်၊ အသေအပြတ်အရှုံးများလို့ ပြေးကြတယ်၊ စစ်ပန်းလို့ စစ်ငြီးလို့ပြေးကြတယ်၊ ရှေ့ တန်းမှာ နှစ်ပေါက်အောင်နေရလို့ ပြေးကြတယ်။ ရှေ့တန်းက နယ်စပ်နဲ့နီးရင် ပိုပြေးကြတယ်။ ရဲဘော်တွေဟာ တိုက်ပွဲဖြစ်ဖို့ဘဲမျှော်နေပြီး သေနတ်သံထွက်တာနဲ့ အခွင့်ကောင်းယူ ပြေးကြတယ်။ စစ်သည် ၁၀၀ ရှေ့တန်း ထွက်ရင် အကျအဆုံးနဲ့ တပ်ပြေးကြောင့် နောက်တန်းပြန်ချိန်မှာ ၆၀-၇၀ ဘဲရှိတော့တယ်။

တပ်မ ၁၁ ဆိုရင် ရှေ့တန်းမှာ နှစ်နှစ်ရှိပြီ၊ မပြန်ရသေးဘူး။ တပ်မ ၁၀၁ လဲ အလားတူ စစ်ငြီးနေတယ်။ နေရာ တကာမှာ ပြဿနာတွေတက်နေတော့ နောက်ထပ်လဲ တပ်မ ထုတ်စရာမရှိ လဲပေးစရာမရှိဖြစ်နေတယ်။

ဗိုလ်မင်းအောင်လှိုင်ရဲ့ ဂေါက်ဆရာ ဗိုလ်ချုပ်ဝင်းလှိုင် ကကဝယ်မှာရှိတုံးက တရုတ်ပြည်က ဖိုင်ဘာစစ်ခမောက် တွေ၊ ကျည်ကာအင်္ကျီတွေဝယ်တာနဲ့ ထောသွားခဲ့တယ်။ တရုတ်မှာ စစ်ခမောက်တို့ ကျည်ကာအင်္ကျီတို့က အဆင့် ၁၄ မျိုးလောက်ရှိတဲ့ထဲက အညံ့ဆုံးအတန်းအစားကိုမှ ဝယ်လာခဲ့တယ်။ KIA UWSA တို့တောင် နံပတ် ၃ နံပတ် ၄ အဆင့်လောက်ဝယ်သုံးတယ်။ နံပတ် ၁၄ ကတော့ တရုတ်နယ်စပ် ရွှေလီက အမှိုက်ကျုံးသမားတွေ ဝတ်တဲ့အင်္ကျီအဆင့် လောက်ဘဲရှိတယ်။

သူ့လူတွေဖြစ်တဲ့ ထွန်းထွန်းနောင်နဲ့ဝင်းဘိုရှိန်တို့ ပြစ်မှုတွေ ဖုံးမရဖြစ်တော့ ဘေးကဖိအားတွေကြောင့် မလွှဲသာ ဘဲ ဖြုတ်လိုက်ရတယ်။ ထွန်းထွန်းနောင်ဆိုရင် ပင်စင်တောင် ပေးလို့မရတော့ဘူး။ ဒါကြောင့် အရှုံးထဲက အမြတ် ထွက်အောင် သူ့လက်ရင်းတပည့် ညိုစောကို တင်ပေးလိုက်တယ်။
တပ်ထဲမှာ သူ့ထက်ပိုလူကြိုက်များ လေးစားခံရတဲ့ ဒုကာချုပ် စိုးဝင်းလဲ EU အရေးယူမယ့်စာရင်းထဲပါနေလို့ မဖြုတ်ဘဲထားတာဖြစ်တယ်။ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ဆိုရင် ဒေါ်စုက စင်္ကာပူအစည်းအဝေးမှာ 'They are rather sweet' လို့ပြောလိုက်တော့ ဖြုတ်ဖို့ ညှိုးထားလိုက်တာဖြစ်တယ်။ ဒါပေမဲ့ အခုတော့ လွှတ်တော်နဲ့ သမတကို ဖြတ်သန်းဖို့ရှိနေတော့ ချက်ခြင်းဖြုတ် မရသေးဘူး ဖြစ်နေတယ်။

ဒါတွေအားလုံး ကာချုပ်မင်းအောင်လှိုင်ခေတ်မှာဖြစ်နေတာပါ။ ဗိုလ်မင်းအောင်လှိုင်ဟာ 'ကြောင်ချီး'ဘွဲ့ကို ထိုက် ထိုက်တန်တန်ရထားတာဖြစ်တယ်။ ကာချုပ်သမိုင်းမှာ အစုတ်ပြတ်ဆုံးဖြစ်ရုံတင်မက ဗမာပြည်သမိုင်းမှာလဲ ကျော်ငြိမ်းနဲ့ ယှဉ်နိုင်တဲ့ကလိမ်သမားဖြစ်တယ်။ အထက် အောက် တန်းတူ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ လူမုန်းအများဆုံးကာချုပ်ဖြစ်တယ်။ ဗိုလ်သန်းရွှေကိုတောင် သာမန်ပြည်သူတွေက မုန်းကြပေမဲ့ တပ်ထဲမှာတော့ မင်းအောင်လှိုင်လောက် အမုန်းမခံရပါဘူး၊ ခင်ညွန့်ဂိုဏ်း ထွန်းကြည်ဂိုဏ်းတို့ကဘဲ မုန်းတာခံရတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ သူ့ကိုယှဉ်နိုင်တဲ့ အရည်အချင်းရှိသူတွေ၊ ဥပမာ- သူရသက်ဆွေ၊ မြင့်စိုး၊ လှဌေးဝင်း တို့ကို ကန်ထုတ်ခဲ့ပြီး အခုလဲ စိန်ဝင်း ကျော်ဆွေတို့ကိုဖယ်ဖို့ လုပ်နေတယ်။ စိုးဝင်း မြထွန်းဦးကိုလဲ ဖယ်ချင်ပေမဲ့ ဗိုလ်သန်းရွှေကြောင့် ဖယ်မရသေးဖြစ်နေတယ်။ တိုက်ရည်ခိုက်ရည်မရှိပေမဲ့ ခိုင်းတာအကုန်လုပ်တဲ့ တပည့်ရင်း တွေမို့ မိုးမြင့်ထွန်း ကျော်စွာလင်းတို့ကို ဗိုလ်မင်းအောင်လှိုင်က ရာထူးတင်ပေးခဲ့တယ်။ DSA-၃၄ တွေ တယောက်မှ တိုင်းမှူးမဖြစ်သေးခင် ကျော်စွာလင်း က အပတ်စဉ် ၃၅ နဲ့ တိုင်းမှူးဖြစ်သွားတယ်။

ဒါပေမဲ့လဲ အဲ့လို ကာချုပ်အရည်အချင်းကို သေသေချာချာမသိလို့ လိုက်လျောမိနေတာ၊ ရင်ကြားစေ့မိနေတာ တွေကလဲ ရှိနေတယ်။ တချို့ကလဲ သူငယ်နာအစွဲနဲ့ ဗမာစစ်တပ်ကို အထင်ကြီးနေဆဲ။ အဖွင့်မှာ ပြောခဲ့သလို ဆိုးကျိုးမသိတော့ သူခိုး သားမက်ထင်နေကြတဲ့ဘဝ။

ဗိုလ်မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၇ ရက်နဲ့ အောက်တိုဘာ ၁၅ ရက်တွေမှာ KNU ကိုယ်စားလှယ်အဖွဲ့ ထဲက ဥက္ကဌ မူတူးနဲ့ ဒုဥက္ကဌ ကွယ်ထူးဝင်းကိုဘဲခေါ်တွေ့ပြီး အတွင်းရေးမှူး တာတိုမူးကို ခေါ်မတွေ့ခဲ့ဘဲ ချန် ထားခဲ့တယ်။ တခြားလူမျိုးစုအဖွဲ့တွေကိုလဲ မတွေ့ခဲ့ဘူး။ ဒါဟာ KNU နှစ်ဂိုဏ်းကွဲအောင်လုပ်တာ၊ KNU နဲ့ တခြား NCA လက်မှတ်ထိုးအဖွဲ့တွေကြားသွေးခွဲတာဖြစ်တယ်။ တကယ်တော့ RCSS ဆိုတာလဲ သူမွေးတဲ့ မျောက် သူ့ပြန်ချောက်တာဘဲဖြစ်တယ်၊ မူဆယ်ကို RCSS အင်အား ၆၀၀ သူတို့ကိုယ်တိုင် ကားတွေနဲ့ပို့ပေးခဲ့ပြီး ပလောင်နဲ့ မီးမွှေးပေးခဲ့တာ၊ အိမ်ကြက်ချင်းခွပ်ခိုင်းခဲ့တာဖြစ်တယ်။ အခုကျမှ နယ်ကျော်တယ်စွပ်စွဲနေတာ။ တချိန်က ခင်ညွန့်က UWSA ကို တရုတ်နယ်စပ်ကနေ ယိုးဒယားနယ်စပ်ပို့ပြီး ခွန်ဆာ-ယွက်စစ်တို့နဲ့ ဆိုင်ပေးခဲ့သလိုမျိုး အခုလဲ ကာချုပ်မင်းအောင်လှိုင်က RCSS ကို ယိုးဒယားနယ်စပ်ကနေ တရုတ်နယ်စပ်ပို့ပေး ပြီး UWSA ရဲ့မဟာမိတ် KIA TNLA တို့နဲ့ ဆိုင်ပေးခဲ့တယ်။ ဒါပေမဲ့ RCSS ကလဲ UWSA မဟုတ်လေတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက် အလုပ်မဖြစ်ဘဲ ဗိုလ်မင်းအောင်လှိုင်အရှက်ကွဲဖို့ဘဲ ဖြစ်နေတယ်။ နောက်ဆုံးဖြစ်ခဲ့ တဲ့ နမ်းခမ်းမြို့ထဲဝင်ဖမ်းတဲ့ နန်းမိုဟွမ်အမှုဆိုရင် ကာချုပ်မင်းအောင်လှိုင်နဲ့ RCSS သိက္ခာ တပြားမကျန်အောင် ရှုံးသွားပြီး FPNCC နဲ့ မြောက်ပိုင်းမဟာမိတ်တွေ သြဇာတက်ဖို့ဘဲ ဖြစ်သွားတယ်။

တဖက်မှာ ခုလို မြောက်ပိုင်း ၃ ဖွဲ့ ၄ ဖွဲ့တွေကို RCSS နဲ့ထိန်းတာမအောင်မြင်တော့ ဗိုလ်မင်းအောင်လှိုင်ဟာ ယွက်စစ်ကိုဘေးဖယ်ပြီး ဘိန်းဘုရင် ဝေ့ရှောက်ကမ်း (ခေါ်) စိန်ဝင်းအကြံပေးသလိုဘဲ အင်အားကြီးမလာ အောင် NCA ထဲထည့်ထိန်းထားဖို့ စဉ်းစားလာတယ်။ ("AA TNLA MNDAA KIA အင်အားကောင်းလာတာ တိုင်းပြည်အတွက်လဲ မကောင်းဘူး၊ အားလုံးအတွက်လဲ မကောင်းဘူး၊ ဒီအတိုင်းဆက်လွှတ်ထားရင် အင်အားပိုကြီးလာမယ်၊ ဒါကြောင့် NCA နဲ့ဆွဲထိန်း (contain) ထားသင့်တယ်" လို့ ဝေ့ရှောက်ကမ်းက စေတနာရှိသလိုလိုနဲ့ ကိုယ့် လူသူ့ဘက်သားလုပ် ချွန်တွန်းခဲ့တယ်။ ခွန်ဆာကိုတိုက်တာလဲ ဝေ့ရှောက်ကမ်း အဓိကပါဘဲ။) ဒါပေမဲ့လဲ ဗိုလ်မင်းအောင်လှိုင်ကိုယ်တိုင်က ခေါင်းမရှိတော့ NCA ထဲရောက်ပြီးသားတွေကို တောင် ကန်ထုတ်နေတဲ့ပုံစံ ဖြစ်နေတယ်။

အစည်းအဝေးထဲမှာ စစ်သားမို့လို့ စစ်သားစကားဘဲ ပြောတယ်၊ သံတမန်စကား မပြောတတ်ဘူးလို့ ဆင်ခြေ မပေးပါနဲ့။ တရုတ်၊ ရွတ်ရှ၊ ဂျာမဏီ၊ အီတလီ ခရီးစဉ်တွေမှာ သံတမန်စကား မပြောဘဲ မနေခဲ့ပါဘူး၊ ယုတ်စွ အဆုံး မွတ်စလင်နိုင်ငံ ပါကစ္စတန်ခရီးစဉ်မှာတောင် ဘယ်လိုပြောခဲ့သလဲ၊ အတူသွားခဲ့တဲ့အရာရှိတွေ သိကြပါ တယ်။ အခုတော့ ကြုံတောင့်ကြုံခဲထိပ်သီးအစည်းအဝေးမှာ ငြိမ်းချမ်းရေးမပျက်ပျက်အောင် တမင်မိုက်ရိုင်းပြ တာဖြစ်တယ်။

ဗမာစစ်တပ်၊ ကြံ့ဖွတ်ပါတီ၊ မဆလ-တစညပါတီတို့လုံးဝမပါဘဲ လက်နက်ကိုင်တိုင်းရင်းသားတွေ၊ လက်နက် မကိုင်တိုင်းရင်းသားတွေနဲ့ ပြည်ပရောက်နိုင်ငံရေးသမားတွေ ချင်းမိုင်မှာ ၂၀၀၅ ခုကနေ ၂၀၀၈ ခုအထိ ဝိုင်းရေး ဆွဲခဲ့တဲ့ FCDCC အခြေခံဥပဒေမူကြမ်းမှာဆိုရင် ခွဲထွက်ခွင့်ရော၊ ခွဲမထွက်ခွင့်ရော ထည့်မထားဘဲ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဘဲ အလေးပေးချမှတ်ထားတာ ဖြစ်တယ်။ ဒါပေမဲ့ ဗိုလ်မင်းအောင်လှိုင်ကတော့ တိုင်းရင်း သားတွေရဲ့မျက်နှာလဲမထောက်၊ အောက်ခြေစစ်သားတွေရဲ့မျက်နှာလဲမထောက်ဘဲ ငါတကောကောနေတယ်။ ဒီလို ဦးနှောက်မျိုးနဲ့ သမတ လုပ်ချင်လိုက်သေးတယ်။

ကာချုပ်မင်းအောင်လှိုင်ဟာ နောက် ၂ နှစ်ကျော်ရင် သမတဖြစ်ဖို့လဲ အိပ်မက်မက်ကောင်းနေတုံး။ ဒီ ၂ နှစ် အတွင်း လူမျိုးစုလက်နက်ကိုင်တွေကို အပျော့ဆွဲနဲ့ အငြိမ်းစားဗိုလ်ချုပ်တွေလွှတ်ပြီး ဆွယ်မယ်၊ ချွေးသိပ်မယ်။ အမာဆွဲစစ်ရေးဖိအားနဲ့ လူမျိုးစုတပ်တွေ အားနည်းသွားအောင်တိုက်မယ်၊ တပ်မဟာအလိုက် ဒေသအလိုက် ပဲ့ထွက် ကွဲအက်သွားအောင် နည်းမျိုး စုံနဲ့ ခွဲထုတ်မယ်၊ အဲ့လိုကစားလို့ အားနည်းသွားတဲ့အချိန် ၂၀၂၀ ရွေး ကောက်ပွဲအပြီး ၂၀၂၁ အစိုးရသစ်မဖွဲ့ခင် ကာလလေးမှာ အားလုံးကို NCA ထိုးခိုင်းမယ်လို့ စိတ်ကူးယဉ် နေတယ်။

ဗိုလ်မင်းအောင်လှိုင်သာမရှိရင် ငြိမ်းချမ်းရေးစောစောရမှာ သေချာတယ်။ အခုနောက်ဆုံး နေပြည်တော်မှာလုပ် တဲ့ ထိပ်သီးအစည်းအဝေးမှာ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေကို ဘယ်လောက်တောင် မိုက်မိုက်ရိုင်းရိုင်း စော်ကားသွားသလဲဆိုတာ လူတိုင်းအမြင်ပါဘဲ။ အစွန်းရောက်စစ်ဝါဒီ-တပ်လော်ဘီတွေနဲ့ မဘသ မျက်ကန်းမျိုး ညစ်တွေ သဘောကျအောင်လုပ်နေတယ်။ အဲ့လူတွေက သူ့ကို သမတဖြစ်အောင် တင်ပေးနိုင်မယ်လို့ အရူး အိပ်မက် မက်နေတယ်။ တမင်ကို ငြိမ်းချမ်းရေးမရအောင်လုပ်နေတာ သိသာကြီးပါဘဲ။

အောင်သဇင်

Comments