မိုးသက်ငြိမ်ဦး ● လျှာတချောင်းရဲ့သံခိပ်

မိုးသက်ငြိမ်ဦး ● လျှာတချောင်းရဲ့သံခိပ်
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၈

လမ်း​တွေ​ပေါ်​လျှောက်​သွား​နေတဲ့လျှာ​တွေ
လျှာ​တွေဟာဆာ​လောင်​​နေကြတယ်
ရေပန်းစား​နေတဲ့ငြိမ်းချမ်း​ရေးကိုဆာ​နေကြတယ်
အရသာ​တွေ့​နေတဲ့ရာထူးအာဏာကို
ဆာ​နေကြတယ်

လျှာ​တွေဟာ လမ်း​တွေ​ပေါ်မှမဟုတ်
အ​ဆောင်​​ဆောင်​​သောအခန်း​တွေထဲမှာလည်း
လျှောက်​သွား​နေကြတာပဲ
အရသာလျှာကသိ တယ်
အရသာမရှိတာကိုလဲ လျှာကသိတာပဲ

ချမ်းသာခြင်းဟာအရသာရှိတယ်
ဆင်းရဲခြင်းဟာအရသာမရှိဘူး
ကု​ဋေကြွယ်​သူ​ဌေးတယောက်​မှာ လျှာရှိသလို
လူ​လေလူလွင့်​တယောက်​မှာလည်း လျှာရှိတယ်
စကားတခွန်းဟာ သိန်း​ပေါင်းများစွာတန်​သလို
စကားတခု​ကြောင့်​ အသက်​​ပေါင်းများစွာ
စ​တေးရနိုင်​တယ်
စကားသံဖြစ်​အင်္ဂါထဲမှာ လျှာကအဓိကပဲ
လျှာ​တွေဟာ မိတ်​​ဆွေဖြစ်​နိုင်​သလို
ရန်​သူလည်း ဖြစ်​သွားနိုင်​တာပဲ

လျှာမရှိပဲ
ဘယ်​လိုစကား​ပြောမလဲ ဘယ်​လိုအရသာခံမလဲ
ဘယ်​လိုလိမ်​ညာမလဲ ဘယ်​လိုအမိန့်​​ပေးမလဲ
လျှောက်​သွား​နေတဲ့လျှာ​တွေကိုထိန်းသိမ်းဖို့
လျှာပါတဲ့သူတိုင်းမှာ တာဝန်​ရှိတယ်
ခင်​ဗျားမှာလည်း လျှာရှိတယ်
ကျွန်​​တော့်​မှာလည်း လျှာရှိတယ်

မိုးသက်​ငြိမ်​ဦး
၈၊ ၉၊ ၂၀၁၈


0