လင်းသက်ငြိမ် ● ကြေကြေကွဲကွဲ ကဖေး

 လင်းသက်ငြိမ် ● ကြေကြေကွဲကွဲ ကဖေး
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၈

နိစ္စဓူဝစားပွဲခုံများ
နိစ္စဓူဝပန်းကန်များ
နိစ္စဓူဝ လက်ဖက်ရည်များ မုန့်များ
ကလေးငယ်ဟာ မနက်အစောကြီး
တရားခွေနဲ့အတူနိုးထ အိပ်ချင်မူးတူး
စားပွဲခုံတွေ ရေနွေးဓာတ်ဘူးတွေ
ညှော်နံ့တွေနဲ့ နိစ္စဓူဝ
အငေးတွေနဲ့ နိစ္စဓူဝ
အဆူအဆဲတွေနဲ့ နိစ္စဓူဝ
ငိုက်မျည်းနေ့လည်ခင်းများ
ယင်ကောင်တွေကိုမောင်းနေတဲ့အဝတ်စဟာ မည်းညစ်
ဘောင်းဘီတိုလေးနဲ့
ပါးကွက်ကလေးနဲ့
ခေါ်လိုက်ရင် ချာခနဲလှည့်ကြည့်နိုင်ဖို့က
သူ့ပျော်ရွှင်မှုထက် အရေးတကြီး
တနေ့တနေ့ အမှိုက်အိတ်တွေများများလာ
တနေ့တနေ့ သူ့အပျော်ဟာ ပါးပါးလာ
မိသားစုတွေထိုင်တဲ့စားပွဲခုံဟာငရဲလို့
အိမ်သာနံရံမှာ သူရေးထားတာတွေများပြီ
လက်ရေးတွေက သူ့ဘဝအတိုင်း ရွဲ့ရွဲ့စောင်းစောင်း ။

လင်းသက်ငြိမ်

Comments