ဆောင်းဝေ ● သေဆုံးသွားသော သတင်းစကားသို့ ...

 ဆောင်းဝေ ● သေဆုံးသွားသော သတင်းစကားသို့ ...
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၈

ဖြိုးကို
တန်းစီထားတဲ့ကျောင်းကားတွေပေါ်မှာ တွေ့လိုက်တယ်
သူ့ကိုမြင်တော့ ပုဂ္ဂလိကဘဏ်အချို့က
မှန်တွေကာရံထားတဲ့ လိုက်ကာစတွေကို ဆွဲချလိုက်ကြတယ်
ဖြိုးကတော့ ကမ္ဘာကျော်နာရီတလုံးကို လက်မှာပတ်ထားလို့ပေါ့ ။

ဖြိုးဟာ
မေမေ့ရဲ့ ဘုရားပြီးလို့ငြမ်းဖျက်တဲ့စာရင်းထဲ
ပါမသွားခဲ့ဘူး
ကံကောင်းတဲ့ဖြိုးဟာ
မေမေရဲ့အနီးကပ်လူနည်းစုစာရင်းထဲ ပါဝင်နိုင်ခဲ့တယ်
ပထမမြို့တော်ကိုလည်း ဖြိုးရဲ့နာမည်နဲ့ပဲ သိကြရတယ်။

ဖြိုးက စိတ်ထားလေးကောင်းပါတယ်
မြို့တော်ကြီးအတွက်
မိုးပျံရထားတွေ တည်ဆောက်ပေးချင်သတဲ့
ဖြိုးက အလုပ်ကြိုးစားပါတယ်
နိုင်ငံတော်အတွက် မြေအောက်မြို့တော်ကြီးလည်း
ဖန်ဆင်းပေးချင်သေးသတဲ့
ဖြိုးက ရည်ရွယ်ချက်ကြီးပါတယ်
ရေပတ်လည်ဝိုင်းပြီး လှပတဲ့ကမ္ဘာ့မြို့ပြကြီးတစ်ခု
ယူဆောင်လာအုံးမတဲ့
ဖြိုးမှာ အိပ်မက်ကြီးတစ်ခုကိုလည်း ထမ်းထားရသေးတယ်
မြို့တော်သူ/သားအားလုံး ကိုယ်ပိုင်နေအိမ် ကိုယ်စီရရှိစေပြီး
ကမ်းနားဈေးနဲ့လည်း ခမ်းနားခဲ့ချင်သေးသတဲ့
ခုတော့
ထောင်တန်တဲ့စကား ရယ်ပေါ့ပြီပေါ့
ဟောင်လွန်းတဲ့ခွေး လူမလေးတော့ပြီပေါ့
ခြိမ်းလွန်းတဲ့မိုး မရွာတော့ပြီပေါ့
ခုတော့
ခေတ်ကြီးက
ရယ်စရာမရှိတဲ့နေ့ဆို
ဖြိုးကို စကားထဲထည့်ပြီး ရယ်မောနေကြပြီပေါ့ ။

ဖြိုးဟာ လွယ်လွယ်နဲ့ဖွံ့ဖြိုးခဲ့ရတာမဟုတ်တော့
နေရာကောင်းတစ်ခုမှာ
ဆရာကောင်းတပည့် ပန်းကောင်းပန်ခဲ့ရတယ်
ကောင်းတဲ့နေရာမှာ
ဖြိုးဟာ အရောင်တဖျက်ဖျက်လက်ခဲ့တယ်
လူဆိုတာ အမှီရှိရတယ်ဆိုလို့
ဟစ်တလာက သေသွားတဲ့ဂျူးလူမျိုးတွေကိုမှီသလို
ကွန်မြူနစ်ကြေညာစာတမ်းက ကားလ်မာ့နဲ့အိန်ဂျယ်ကို မှီသလို
၁၁ ရာစုကြီးက ပုဂံမြို့ကြီးကို မှီသလို
'ပြည်မှာဆောင်း' က ခင်ဝမ်း ကို မှီသလို
ပန်းချီကားတွေက ပေါ်ဦးသက်ကိုမှီသလို ပီကာဆိုကိုမှီသလို
ညဟာ အမှောင်ကိုမှီလိုက်သလို
ဖြိုးဟာ  ဒီမိုကရေစီကိုမှီချခဲ့ပေါ့
ဒီမိုကရေစီဆိုတာ လွတ်လပ်ရတယ်
ခုတော့ မလွတ်လပ်ကြတော့ဘူးပေါ့
ဒီမိုကရေစီဆိုတာ ရဲရင့်တည်ကြည်ကြရတယ်
ခုတော့ ကြောက်ရွံ့သိမ်ငယ်ကြပြီပေါ့
လေတိုက်လို့လဲကျသွားတဲ့နံရံဆိုတာ
ဖြိုးမှီချလိုက်တဲ့နံရံကြီးပဲပေါ့
ဒီမိုကရေစီကို အဓိပ္ပါယ်ဖွင့်လွဲခဲ့တော့
နင်အမှီမတတ်တော့
ခု အဲဒီနံရံကြီးလည်း လဲပြီပေါ့ ဖြိုးရယ် ။

မေမေကတော့ ဖြို့ရဲ့ကျောမှီကုလားထိုင်လေးပေါ့
ဖြိုးသယ်ဆောင်လာသမျှအမှိုက်သရိုက်တွေကို
ဆေးကြောသန့်စင်နေရသူ အင်အားရှိတဲ့မြစ်တစ်စင်းပေါ့
ခုတော့
သမိုင်းရဲ့အညစ်အကြေးများ
မေမေ့ကို လာစင်ပြီပေါ့ ။

ရန်သူတွေကို တိုက်ခိုက်တွန်းလှန်ပြီးတဲ့အခါ
ကျန်တဲ့သူတွေက မိတ်ဆွေတွေပေါ့ ဖြိုးရယ်
ခုတော့  တစ်ချိန်က
ကိုယ့်ရန်သူတွေကိုင်စွဲခဲ့တဲ့ လက်နက်တွေ နဲ့
ကိုယ့်မိတ်ဆွေတွေကို ပြန်တိုက်ခိုက်နေပြီပေါ့
မိုးထဲလေထဲ အတူဖြတ်ခဲ့ပြီးမှ
ဒီကျောက်သားပေါ် အတူတူအလံစိုက်ခဲ့ပြီးမှ
သေဖော်သေဖက်ရဲဘော်တွေရဲ့ပုခုံးပေါ်
ဓားနဲ့အားကုန် ထိုးစိုက်နေပြီပေါ့ ။

ခေတ်ကြီးကမှောင်ပါတယ်ဆို
နင်က အနက်ရောင်ကို ဝတ်လာပြန်တယ်
အဲဒီတော့ နင့်ကိုမမြင်ရတော့ဘူးပေါ့
ငါတို့က ခြောက်သွေ့လွန်းပါတယ်ဆို
နင်က နွေရာသီဆန်လာတယ်
အဲဒီတော့ ငါတို့မျှော်လင့်ခဲ့သမျှလည်း သဲထဲရေသွန်ဖြစ်ပြီပေါ့
အရင်ကတော့
နင်ဟာ ငါတို့ရဲ့သတင်းစကားတစ်ခုပါ ဖြိုး
ငါတို့ရဲ့မနက်ခင်းသတင်းတွေဟာ နင်ဖြစ်ခဲ့သလို
ညနေခင်း နဲ့ တစ်နေ့တာအနှစ်ချုပ်သတင်းတွေဟာလည်း နင်ပဲပေါ့
ခုတော့ ဖြိုးရယ်
ငါတို့မှာ တိုက်ခိုက်စရာရန်သူများ နဲ့
လျှောက်လှမ်းစရာခရီးလမ်းက အများကြီးကျန်သေးသမို့
မလိုအပ်တော့တဲ့ သတင်းစကားတစ်ခုလို နင့်ကို ထားခဲ့ရတော့မယ်
သတင်းစကားဟာ နားမှာဓားလိုရှနေပြီဆိုတော့
ငါတို့ရဲ့ဆာလောင်/လိုအပ်သောသတင်းစကားဟာ
သေဆုံးသွားပြီပဲဆိုကြပါစို့ ရဲ့ ။

ဇင်ဘာဘွေနိုင်ငံရဲ့သမ္မတဟောင်း မူဂါဘီဟာ
အရင်က အာဏာရှင်ကျွန်စနစ်ကိုတော်လှန်ခဲ့ပြီး
ကိုယ်တိုင်အာဏာရလာတော့မှ
ပျော်ရွှင်စွာ အာဏာရှင်ဖြစ်သွားခဲ့သတဲ့
လမ်းကို ထိန်းပြီးလျှောက်ပါ ဖြိုးရယ်
အသိဉာဏ်နည်းသူအတွက် လမ်းတွေကအန္တရာယ်ရှိတယ်မဟုတ်လား ။

'နိုင်ငံရေးဆိုတာ မိတ်ဆွေမရှိ ရန်သူသာရှိ' ရယ်လို့
နောက်မျိုးဆက်တွေ မမှတ်သားမိကြပါစေနဲ့
'နိုင်ငံရေးဆိုတာ နိုင်ငံတော်မရှိ ပြည်သူမရှိ
သတင်းလွတ်လပ်ခွင့်မရှိ အဓိပ္ပါယ်မရှိ' ရယ်လို့
ကျောင်းသားလူငယ်တွေ မကျက်မှတ်မိပါစေနဲ့ ။

ဂျူးလိယက်ဆီဇာသေခါနီး
နောက်ကိုလှည့်ကြည့်ကာ သူ့ကိုလုပ်ကြံတဲ့သူတွေကြည့်ပြီး
'ဪ ဘရုတပ် မင်းလည်းပါသကိုး' လို့ ပြောသတဲ့
ဒီမိုကရေစီတန်ဖိုး ဖျက်ဆီးသူတွေရဲ့စာရင်းထဲ
နင့်နာမည်ကို ရေးမှတ်ကုန်ကြပြီ ဖြိုး ။

ဪ ဖြိုး ရယ်
နင်က အမေ့အတွက် ဒုက္ခအိုးလေးဖြစ်ပြီး
အနာဂတ်နိုင်ငံတော်အတွက်တော့ သေဆုံးသွားတဲ့သတင်းစကားပဲပေါ့ ။

သမိုင်းနှင့်ဒီရေသည် လူကိုမစောင့်ဘူးမဟုတ်လား ဖြိုး။ ။

ဆောင်းဝေ
အောက်တိုဘာ ၁၀၊ ၂၀၁၈။

Comments