သားကြီးမောင်ဇေယျ - စစ်ကို ရပ်ကြမလား အသက်ရှု ရပ်ကြမလား

Photo - Facebook
သားကြီးမောင်ဇေယျ - စစ်ကို ရပ်ကြမလား အသက်ရှု ရပ်ကြမလား
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၈


“ ဦးဇေယျရေ လာကြည့်ပါဦးဗျာ ”

 ကျွန်တော့် အယ်ဒီတာ ကိုပီတာအောင်က သူကွန်ပြူတာ ပေါ်က ပုံလေးတပုံကို ပြပါတယ်။
ကျိုးပဲ့နေတဲ့ သုံးထပ်သားလေးထောင့်စာပွဲပုကလေး။ စားပွဲပေါ်မှာ ပြန့်ကြဲနေတဲ့ ရေးလက်စ ဗလာစာအုပ်များ။ သွေးအိုင်ထဲက ကွန်ပါဗူး၊ လက်လေးလုံးလောက်မြင့်တဲ့ ဖင်တိုင်ခုံကလေး။ ထိုင်ခုံကလေးဘေးက မညီမညာ ဖိနပ်ကလေးတရံ၊ အ၀ါရောင်ကော်ပေတံတစ်ချောင်၊ ပြီးတော့ ၀ါယာကြိုးတန်းလန်းနဲ့ တစ်ထောင်လောက်ရှိတဲ့ အပြာရောင် သတ္တု အပိုင်းအစတခု။
သတင်းထောက် ကိုပိုင်စိုး ဝေမျှလိုက်တဲ့ လူမှုကွန်ယက် ပေါ်က ပုံကလေး။

 ခေါင်စဉ်က - မသွယ်ဇင်ငြိမ်း .. ၅ တန်းကျောင်းသူ .. လေယာဉ်အပိုင်းအစ ထိ .. ဆေးရုံပို့ပေမယ့် ဆုံးသွား ... တဲ့။

ရုတ်တရက် ရင်ထဲဆို့နစ်သွားခဲ့ပါတယ်။

 ကောင်ကင်ပေါ်က ကိုယ့်ဒေါသနဲ့ ကိုယ် ပျက်ကျလာတဲ့ စစ်လေယဉ်ပျံကြီးရယ် စာမေးပွဲဖြေဖို့ စာကျက်နေတဲ့ ကလေး ကိုမှ တိုက်တိုက်ဆိုင်ဆိုင် ထိခိုက်စေခဲ့တယ်ဗျာ။

ဒီကလေး နေတဲ့အရပ်ဟာ မိုင်းကွင်းအထပ်ထပ်ကာရံထားတဲ့ သတ်ကွင်း မဟုတ်ပါဘူး။ ထန်ပင်ကလေးတွေ အစီအရီ ၀န်းရံထားတဲ့ ရွာကလေးပါ။
ဒီကလေး စာကျက်နေတဲ့ နေရာဟာ စစ်လေယဉ်တွေကို ပစ်ချနေတဲ့ ကတုတ်ကျင်းမဟုတ်ပါဘူ။ ထန်းလက်ကာတဲ့ တဲ ကလေးပါ။
သူ့လက်ထဲမှာ လေယဉ်ပစ်အမြောက်ကိုင်ထားတာ မဟုတ်ပါဘူး။ အိမ်စာတွေ ရေးနေတဲ့ ခဲတံကလေးကိုင်ထားတာပါ။
ပြန့်ကျဲနေတဲ့ စာရွက်တွေပေါ်မှာ စစ်စခန်းမြေပုံတွေ ရေးထားတာမဟုတ်ပါဘူ။ သူတို့နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမြေပုံကလေးပါ။
သူစီးတဲ့ ဖိနပ်ကလေးဟာ လူတွေကို ဖိနင်းတဲ့ ဖိနပ်မဟုတ်ပါဘူ။ သူခြေဖ၀ါးကလေးကို မနာကျင်အောင် ကာကွယ်ထားရတဲ့ ဖိနပ်ကလေးပါ။
သူ့အနာဂတ်မျှော်လင့်ချက်ဟာ လူသေအလောင်းတွေ ထပ်နေတဲ့ စခန်းမှာ အောင်လံတွေ စိုက်ထူဖို့ မဟုတ်ပါဘူ။ နောင်နှစ်ခါ စသင်ခန်းအသစ်မှာ စာသင်ခုံအဟာင်းကလေးကို ဖုန်ခါရင်း ဒါတို့ပြေ သီချင်းလေးကိုသံပြိုင်ဆို ချင်လို့ပါ။

ခုတော့ သူခေါင်းပေါ်ပြုကျလာတဲ့ စစ်လေယဉ်အပိုင်းအစဟာ သူ့အိပ်မက်တွေရပ်တန့်လိုက်ပါပြီး။

မသွယ်ဇင်ငြိမ်း မကွယ်လွန်ခင် တရက် (အောက်တိုဘာ ၁၅ ရက်နေ့) က တနိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် (NCA) သုံးနှစ်မြောက် အခမ်းအနားမှာ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၀ မှာ ထာဝရ ငြိမ်းချမ်းရေးကို ပြည်သူ့လက်ကို အပ်နှင်းမယ်လို့ ဂတိပေးခဲ့တာ ပူပူနွေးနွေးပဲရှိသေးသလို ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီးဖြစ်လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည် ဖော်ဖို့ ကလည်း အင်မတန်အရေးကြီးတယ်” ဆိုတဲ့ စကား ကလည်း သတင်းတွေမှာ အသားပေးဖေါ်ပြနေချိန်လည်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအလင်းရောင် ဖြတ်ကနဲ လင်း လိုက်တဲ့ အချိန်မှာ ပျက်ကျလာတဲ့ စစ်လေယဉ်အပိုင်းအစ ထိမှန်သေဆုံးခဲ့တဲ့ မသွယ်ဇင်ငြိမ်းသတင်း က ရုတ်တရက် လက်ကနဲ ပေါ်ပေါက်လာတာပါ။

ကိုပီတာအောင်ပြတဲ့ အင်တာနက်ပေါ်က မသွယ်ဇင်ငြိမ်းရဲ့ စာသင်ခုံအကျိုးအပဲ့သတင်းဓါတ်ပုံကလေး ကို ငေးကြည့်ရင်း စစ်ဟာ ဆိုင်သူ မဆိုင်သူ၊ ပါဝင်သူ မပါဝင်သူ ၊ ပါတ်သက်သူ မပါတ်သက်သူ မရွေးချယ်ပဲ ပျက်ဆီးဆုံးရှုံးတတ်ပါကလားလို့ သတိတရားရလိုက်ပါတယ်။

တကယ်တော့
စစ်ကိုရပ်အောင်မလုပ်နိုင်ရင် ကျွန်တော်တို့အားလုံး အသက်ရှု ရပ် သွားပါလိမ့်မယ်။

သားကြီးမောင်ဇေယျ (၁၇-၁၀-၂၀၁၈)

Comments