ကျန်းမာရေးအာမခံချက် မရှိသည့် တရုတ်ထုတ် စားအုန်းဆီ စစ်ကိုင်းတွင်ဖြန့်နေ

ကျန်းမာရေးအာမခံချက် မရှိသည့် တရုတ်ထုတ် စားအုန်းဆီ စစ်ကိုင်းတွင်ဖြန့်နေ
တရုတ်ထုတ်စားအုန်းဆီကို တင်သွင်းသူတို့ကိုယ်တိုင် သုံးစွဲခြင်းမရှိဟု လွှတ်တော်အမတ်တစ်ဦးက ဆိုသည်။

လွမ်းဒေါင်/Myanmar Now
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၈


တရုတ်ထုတ်စားအုန်းဆီများကိုပုံးအ၀ါများဖြင့်သယ်ဆောင်နေစဉ် (ဓာတ်ပုံ - ဦးညီညီထွန်း)

(ရန်ကုန်) - ကျန်းမာရေးအာမခံချက်မရှိသည့် တရုတ်ထုတ် စားအုန်းဆီ အများအပြား စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေမှုကို စိုးရိမ်ကြောင်း ကသာလွှတ်တော်အမတ် ဦးညီညီထွန်းက တိုင်းလွှတ်တော်တွင် ယနေ့ ပြောကြားလိုက်သည်။

မူဆယ်-မန္တလေးလမ်းကြောင်းမှ တစ်ဆင့် စစ်ကိုင်းတိုင်းထဲသို့ လွန်ခဲ့သည့် ၈ နှစ်ခန့် ကတည်းက တင်သွင်းနေသည့်၊ ကျန်းမာရေးထောက်ခံချက် မရှိသည့် တရားမဝင် စားအုန်းဆီကြောင့် ဒေသခံများ၏ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ကြောင်း ၄င်းက ဆိုသည်။

အဆိုပါစားအုန်းဆီကို ရောင်းချနေသူများပင် ၄င်းတို့ရောင်းချသည့်ဆီများကို မစားသုံးသည်အထိ ဆီများ၏ အရည်သွေးမှာ စိုးရိမ်စရာဖြစ်နေကြောင်း ၄င်းက ဆိုသည်။

“ဈေးကွက်ထဲကို ဖြန့်တဲ့သူတွေဟာ သူတဲ့ထုတ်တဲ့ဆီကိုတော့ မစားဘူး။ ဈေးကွက်ထက ကြိတ်ပြီးရောင်းတဲ့ ပဲဆီစစ်ကိုပဲ ပြန်ဝယ်စားကြတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်က ဆိုသည်။

အတားအဆီးမရှိ ဝင်ရောက်နေသည့် အဆိုပါ စားအုန်းဆီများအား ပိတ်ပင်ရန် သူက တောင်းဆိုခဲ့ပြီး အဆိုပါဆီများကြောင့် ဒေသတွင်းရှိ ဆီစက်လုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည်ဟု ဆိုသည်။

ဈေးကွက်အတွင်းတွင် ပဲဆီ ၁ ပိဿာလျှင် ၅,ဝဝဝ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ခွင့်ပြုသည့် စားအုန်းဆီ ၁ ပိဿာ ၃,၅ဝဝ ခန့် ရှိချိန်တွင် တရုတ်ထုတ် ဆီများမှာ ၁ ပိဿာ ၂,၄ဝဝ ခန့်သာ ရှိသောကြောင့် ဝင်ငွေနည်းမိသားစုများ အဓိက စားသုံးနေကြကြောင်း ဦးညီညီထွန်းက ပြောသည်။

Comments