အောင်သဇင်၊ စောအယ်ကလူ ● ပုပ္ပါး-အာဏာနီတည်စေဖို့ လူမျိုးကြီးရဲ့လူမျိုးတုံး (အပိုင်း ၁)

အောင်သဇင်၊ စောအယ်ကလူ ● ပုပ္ပါး-အာဏာနီတည်စေဖို့ လူမျိုးကြီးရဲ့လူမျိုးတုံး (အပိုင်း ၁)
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၈


ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စုဟာ ကုလသမဂ္ဂ နဲ့ ICC တို့ရဲ့ နိုင်ငံတကာဥပဒေအရ အရေးယူခံရဖို့ နီးကပ်လာချိန်၊ တပ် တွင်းမှာလဲ အထက်-အောက်-တန်းတူပိုင်းတွေရဲ့ ဆန့်ကျင်မုန်းတီးမှုကို မကြုံစဘူးခံလာရချိန်မှာ ပုပ္ပါးမှာ အစိုးရ-တပ်-NCA ထိုးလူမျိုးစု လက်နက်ကိုင်တွေရဲ့ ထိပ်သီးအစည်းအဝေးကျင်းပဖို့ ကြံတာဟာ ရိုးရိုးသားသား မဟုတ်ပါဘူး။

ပုပ္ပါးထိပ်သီးဆွေးနွေးပွဲမှာ မဖြစ်နိုင်တဲ့ ခွဲမထွက်ရေး၊ တပ်မတော်တခုတည်းရှိရေး လက်မှတ်ထိုးခိုင်းမှာကို အားလုံးက လက် ခံလိုက်ရင် ပင်လုံစာချုပ်ကို တရားဝင်ဖျက်သိမ်းပြီးသား ဖြစ်သွားဖို့၊ လူမျိုးစုစစ်တပ်တွေ တရားဝင်ဖျက်သိမ်းရေးလမ်းကြောင်း ပွင့်သွားဖို့ စစ်အုပ်စုကမျှော်လင့်နေတယ်။ အဲ့ဒီပွဲမှာ သူငယ်နှပ်စားအဖွဲ့လေးတွေက လက်မှတ်ထိုးပေးလိုက်တာ ဖြစ်နိုင်သလို မထိုးတဲ့အဖွဲ့တွေကိုလဲ သိက္ခာချနိုင်မယ်လို့ မှန်းထားတယ်။ ဒါပေမဲ့ အဲ့လိုသိက္ခာချနိုင်ဖို့ဆိုတာ ၁၉၆၂-၂၀၁၀ ကာလလို မီဒီယာကို စစ်အုပ်စုက လုံးဝချုပ်ကိုင် ထားနိုင်တဲ့ခေတ်မဟုတ်တော့ဘူးဆိုတာ ဗိုလ်မင်းအောင်လှိုင်မေ့နေပုံရတယ်။ တဖက် မှာတော့ ဒီလက်မှတ်ထိုးပွဲကို ကြည့်ပြီး NCA ထိုးဖို့ကျန်နေတဲ့ တခြားအဖွဲ့ကြီးတွေ တွန့်သွားမယ်၊ ၂၀၂၀ အထိ လက် မှတ် မထိုးအောင် တားထားနိုင်မယ်လို့လဲ ဗိုလ်မင်းအောင်လှိုင်က မျှော်လင့်ထားတယ်။

ဒါ့အပြင် ဒေါ်စု သို့မဟုတ် မအူမလည်ထိပ်သီးတယောက် သို့မဟုတ် တချို့ကို အသုံးချနိုင်လို့ တခြားဗိုလ် ချုပ်တွေနဲ့ရင် ဆိုင်ရာမှာဖြစ်စေ၊ စာဖတ်နေသူကြီးနဲ့ ပုခုံးချင်းယှဉ်ရာမှာဖြစ်စေ အရပ်ပုနေရာက မြင့်သွားမယ် လို့လဲ စိတ်ကူးယဉ်နေတယ်။

အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးဆိုတာ ယုံကြည်မှု၊ တန်းတူညီမျှမှု၊ ဖက်ဒရယ်အခင်းအကျင်း နဲ့ အားလုံး ပါဝင်မှုရှိရင် မခက်ပါဘူး။ လတ်တလောမှာတော့ NCA နဲ့ ငြိမ်းချမ်းရေး မဆိုင်ဘူးဆိုတာ RCSS KNU တို့နဲ့ တိုက်ပွဲဖြစ်နေတာတွေ၊ ABSDF ALP ခေါင်းဆောင်တွေ ဖမ်းခံရတာတွေ၊ လူထုဆွေးနွေးပွဲလုပ်ခွင့် မရတာ တွေကြည့်ရင် သိနိုင်ပါတယ်။ NCA ဟာ ၂၁ ပင်လုံတက်ခွင့်ဘဲဖြစ်နေတယ်။ NCA တို့ ၂၁ ပင်လုံတို့ဟာလဲ ကယန်းခေါင်းဆောင် ခွန်းမားရ်ကိုဘန်ပြောသလို အုတ် သဲကျောက် ဘိလပ်မြေသံသစ် စုတဲ့အဆင့်ဘဲရှိသေးပြီး အုတ်မြစ်မချနိုင်သေး၊ အိမ်ပုံစံဒီဇိုင်းတောင် မဆွဲနိုင်သေးတဲ့ အခြေ အနေဖြစ်တယ်။

ဗိုလ်မင်းအောင်လှိုင်ရဲ့စိတ်ကူးယဉ်အိပ်မက်က ၂၀၂၀ မှာ NLD အမတ်နေရာလျော့သွားလို့ ညွန့်ပေါင်းအစိုးရဖွဲ့ရရင် သူ နေရာ ရမယ်၊ အနည်းဆုံး ဒုသမတလောက်ဖြစ်မယ်လို့တွက်ထားတယ်။ အဲ့ဒီအချိန်ကျမှ တိုင်းရင်းသားအဖွဲ့ အားလုံး NCA ထိုးဖို့ ဖိတွန်းမယ်။ အဲဒီမတိုင်ခင် ၂ နှစ်အတွင်းမှာလဲ စစ်ရှိန်မလျှော့ဘဲ ပုံမှန်ဆက်တိုက်မယ်၊ အထူးသဖြင့် သူပုန်ဗဟိုနဲ့ဝေးတဲ့ အစွန်အဖျား သူပုန်တပ်တွေ ပျက်သွားအောင် ပျော့သွားအောင် ဖိထားမယ်၊ ကရင်လို ခွန်ဆာလို အချင်းချင်းကွဲအောင် ပဲ့ထွက်အောင် ခလောက်ဆန်မယ်၊ စီးပွားရေးထဲနစ်သွားအောင် မစို့ မပို့သကြားလုံးကျည်ဆံနဲ့ပစ်မယ်။ ဒါကြောင့် အခုဆိုရင် ၂ ဖွဲ့ချင်း ပဏာမအပစ်ရပ်ထိုးဖို့လဲ လက်မခံဘဲ ဘယ်သူ့ကိုမှ NCA ထိုးခွင့်မပေးဘဲ ထားချင်တယ်၊ အထူးသဖြင့် ဒေါ်စုကို လုံးဝ ခရက်ဒစ် ရှယ်မပေးချင်။ ဒါပေမဲ့ သူ့အတွက် ရှေ့ရေးမရေရာတာက ICC နဲ့ ကုလသမဂ္ဂဖြစ်နေတယ်။

ဟိုတုံးက တပ်ရင်းတရင်း ၇၇၇ ယောက်၊ ၂၀၀၉ ကျတော့ တရင်းကို ၈၅၇ ယောက် သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ အခု တနိုင်ငံ လုံးမှာရှိတဲ့ ခြေလျင်/ခြေမြန် တပ်ရင်း ၅၀၀ ကျော်မှာ တပ်ရင်း ၃၀၀ က ရှေ့တန်းထွက်အင်အား ၈၅ ယောက်မပြည့်တော့ဘဲ ကျန်တဲ့တပ်ရင်း ၂၀၀ ကလဲ လူ ၁၀၀ ဝန်းကျင်ဘဲရှိနေတယ်။ လက်ရုံးဝန်ထမ်းတပ် တွေဆို တတပ်ကို ၅၀-၆၀ နဲ့ဘဲ မနည်းလည်ပတ်နေရတယ်။ တပ်အင်အား ၅ သိန်း ၆ သိန်းအတွက် ဖရိမ် အရင်ချ ဖွဲ့စည်းပုံတိုးချဲ့နေရာချတာအရင်လုပ်ပြီး နောက်မှလူဖြည့်ဖို့ရည်ရွယ်ခဲ့တဲ့ တပ်ချုပ်ကြီးစီမံကိန်းကို ဗိုလ်ဗိုလ်မင်းအောင်လှိုင် ကာချုပ်သက်တမ်း ၈ နှစ်အတွင်း အ ကောင်အထည်မဖော်နိုင်ဘဲ ပိုကျဆင်းလျော့ပါးသွားလို့ တပ်အင်အား ၁ သိန်း ကျော်နဲ့ဘဲ ဝလချီးရမ်းနေတာကြောင့် သန်းရွှေက လုံးဝမကျေမနပ်ဖြစ်နေတယ်။

ဒါ့အပြင် တပ်ကိစ္စ ဘယ်သူမှဝင်စွက်လို့မရအောင် ၂၀၀၈ နဲ့ကာထားပေမဲ့ ကာချုပ်ဖြစ်ပြီး တပ်ကိစ္စမှာ တကယ်တန်း တာဝန်ယူစိတ်မရှိဘဲ အောက်ကိုဘဲထိုးချနေလို့ တပ်ကမကြိုက်ဘူးဖြစ်နေတယ်။ ဦးစီးတဲ့တိုက်ပွဲတွေကလဲ ရှုံးတာချည်းဖြစ် နေတယ်။ အထူးသဖြင့် မနေ့တနေ့ကမှ ပေါ်လာတဲ့ ရခိုင် (AA) ၊ ပလောင် (TNLA) ၊ ကိုးကန့် (MNDAA) တပ်တွေ တခဏချင်း အင်အားတွေကြီးလာပြီး နာမယ်ကျော်တပ်မတွေကို ချီးနိုင်သေးနိုင် နိုင်နေတာက ကာချုပ်အရည်အချင်းကို ကောင်းကောင်းပြနေတယ်။ အခု အခြေအနေမကောင်းတော့မှ ဘိုးမင်းခေါင် ကိုး၊ နဂါးကိုးလုပ်နေတယ်။

တပ်ချုပ် (ဟောင်း) ကြီး သန်းရွှေလက်ထက်မှာ နိုင်ငံတကာတရားရုံးမရောက်ခဲ့ဘဲ အခု ဗိုလ်မင်းအောင်လှိုင်လက်ထက်မှ ဂုဏ်သိက္ခာမဲ့စွာနဲ့ နိုင်ငံတကာတရားရုံး ဝက်ခြံထဲရောက်မယ့်အဖြစ်၊ စစ်တပ်တခုလုံး အဖတ်ဆည်မရ ဖြစ်တာကို သန်းရွှေနဲ့ တပည့်သားမြေးတွေက မကျေနပ်ကြပါဘူး။ ဗိုလ်မင်းအောင်လှိုင်ကို ထိပ်ဆုံးက စာဖတ်နေသူ ကြီးကလဲ မကြိုက်တော့၊ ဘေးဖယ်ထုတ်ခံရသူတွေ ခေတ်ပြိုင်တွေကလဲ မကြိုက်၊ အောက်ခြေကလဲ ငတ်ပြတ် စုတ်ပြတ် စစ်ရှုံးလို့ မကြိုက်ဖြစ်နေတယ်။ ဗိုလ်မင်းအောင်လှိုင်ကလဲ သန်းရွှေထားခဲ့တဲ့သူတွေ၊ သူမကြိုက်သူတွေကို တပ်ထဲကနေ တဖက်လှည့်နဲ့ပ,ထုတ်ပြီး သူ့လူ ရင်းတွေ နေရာပေး၊ အာဏာနီတည်ဆောက်နေတာ ကြာပြီဖြစ်တယ်။ အခုဆို တပ်တွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမာခံ ၃-၄ ယောက်လောက်ဘဲ ကျန်တော့တယ်။

သန်းရွှေက နေဝင်းကိုလှန်ရာမှာ ပထမဆင့် ထွန်းကြည် ကျော်ဘ မျိုးညွန့်တို့ကို ရှင်းပြီး ဒုတိယဆင့်မှာ တင်ဦး ဝင်းမြင့် တို့ကိုရှင်း၊ တတိယဆင့်မှာ ခင်ညွန့်ကို ရေမြွေဖြစ်အောင်ဖိထားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီ့ထက်အရေးကြီး တာက တပ်ဖွဲ့စည်းပုံကို အကြီးအကျယ်တိုးချဲ့လိုက်လို့ ရာထူးနေရာအများကြီးတီထွင်ပေးပြီး အာဏာနီတည် ဆောက်နိုင်ခဲ့တယ်။ တနည်းအားဖြင့် ၈၈ နောက်ပိုင်းအရာရှိအားလုံး သန်းရွှေရဲ့ ကျေးဇူးခံကျေးဇူးစားတွေ ဖြစ်သွားစေခဲ့တယ်။ ဒါနဲ့ယှဉ်ကြည့်ရင် ဗိုလ်မင်းအောင် လှိုင်ဟာ သူ့လူတွေတင်ပြီး အာဏာနီတောက်လျှောက်တည်ဆောက်နေပေမဲ့ သန်းရွှေလို တပ်မတော်ရဲ့(တတိယ) ဖခင် အဆင့်မျိုးမရနိုင်ဘဲ သန်းရွှေချခဲ့တဲ့ဖရိမ်ကိုတောင် ပီပြင်အောင် အချောဆက်မကိုင်နိုင်လို့ နှိုင်းယှဉ်ချက်အားဖြင့် သြဇာ အာဏာသိမ်ငယ်နေတဲ့အတွက် သန်းရွှေက နေဝင်းကိုဖြုတ်သလိုမျိုး ဗိုလ်မင်းအောင်လှိုင်က သန်းရွှေကိုဖြုတ်ဖို့ အတော် မလွယ်ဘူးဖြစ်နေတယ်။

အခုနောက်ဆုံး အောက်တိုဘာလဆန်းက ရာထူးအပြောင်းအရွှေ့တွေဟာ ဗိုလ်မင်းအောင်လှိုင်အာဏာနီ ခိုင်မာအောင် ဆက်လက်တည်ဆောက်တာဖြစ်ပေမဲ့ သန်းရွှေဂိုဏ်းသားတွေရဲ့ဆန့်ကျင်မှုကြောင့် အောင်အောင်မြင်မြင် အကောင်အထည် မဖော်နိုင်ဘဲဖြစ်နေတယ်။ တကယ်တော့ ဗိုလ်မင်းအောင်လှိုင်ဟာ အမြင့်ဆုံးကိုမှန်းရာမှ ခြေချော်ပြီး တွင်းနှုတ်ခမ်းဝမှာ ဇောက်ထိုးကျဖို့ဖြစ်နေတယ်။

ဗိုလ်မင်းအောင်လှိုင်အားကိုးနေတဲ့ တရုတ်ဟာ လောလောဆယ် အမေရိကန်ရဲ့စီးပွားရေးထိုးစစ်မှာ အလူးအလဲခံနေရပြီး တရုတ်တပည့်ရင်း မြောက်ကိုးရီးယားကိုလဲ ထရမ့်က ရေမြွေဖြစ်အောင်လုပ်ထားလိုက်သလို တရုတ်မဟာမိတ်ကြီး ရွတ်ရှတ် ဟာလဲ ထရမ့်ရယ်၊ ထရမ့်အစိုးရနဲ့အိမ်တော်အဖွဲ့ရယ်၊ လွှတ်တော်ရယ်ကြားမှာ ဘာလုပ်ရမှန်းမသိတော့ဘဲ ယောင်ချာချာ ဖြစ်နေတယ်။ အမေရိကန်က ICC ကိုဆန့်ကျင်တယ်ဆိုလို့ ပျော်နေကြသူတွေဟာ အမေရိကန် ပစိဖိတ်စစ်တိုင်းကို အိန္ဒိယ သမုဒ္ဒရာထိချဲ့လိုက်ပြီး အင်ဒို-ပစိဖိတ်စစ်တိုင်းလုပ်တာ မသိလိုက်ကြဘူး။ အမေရိကန်ဟာ ICC ကို လက်မခံပေမဲ့ ဘယ်သူ့မှ ဂရုမစိုက်ဘဲ သူတို့လုပ်ချင်တာလုပ်တာ သမိုင်းမှာ အထင်အရှားရှိတယ်။ အခု သမတ ထရမ့်လက်ထက်မှာ ပိုဆိုးလိမ့်မယ်။

တကယ်တော့ တရုတ်ကလဲ ဆားဘီးယား-ဘော့စနီးယားတုံးက နောက်ဆုံးအခြေအနေမှာ တပည့်ကြီး မီလိုဆီဗစ်ကို ကယ် မပေးခဲ့ပါဘူး။

(အပိုင်း ၂ ဆက်ဖတ်ပါရန်)
အောင်သဇင် + စောအယ်ကလူ

Comments