သျှင်မိုးပြေး - ဝေးကွာခြင်းဆင်းရဲ


သျှင်မိုးပြေး -  ဝေးကွာခြင်းဆင်းရဲ 
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၈

ဖုန်းက မျက်ရည်လည်ရွဲ
ဘ၀ဆိုတာ တိုသတဲ့
ဒါပေမယ့် ၀ဋ်ကြွေးရာထောင်ချီအတွက်
ကိုယ်တို့  ဆပ်ကြရမယ်
ဘ၀ကိုဆပ်
ဖြစ်သင့်တာကိုဆပ်
အနီးဝေးတွေကို ဆပ်
စိတ်ကူးတွေကို ရိုက်ထုတ်ရင်း
မင်း သက်ပြင်းအထပ်ထပ်ကို
ကိုယ်မျိုချလိုက်တယ်

ဘ၀က တခါတလေမှာ
ရနံ့မရှိတဲ့စက္ကူပန်းလို
တစုံတရာ ပျောက်နေတယ်

တက်မပါပဲ ဟိုဒီလှိမ့်နေတဲ့
လှေငယ်ပေါ် ရှင်သန်နေရသလို
မိုးရွာလို့ ဖြစ်ဖြစ်
လှိုင်းထန်လို့ ဖြစ်ဖြစ်
ရင်ထဲကို ရေမ၀င်စေနဲ့ 
မင်းကို နစ်မြုပ်မခံနိုင်ဘူး
ကိုယ်လည်း မနစ်ချင်ဘူး

ခါးသီးမှုခပ်ထားတဲ့ ညနက်တွေမှာ
အိပ်မက်တွေ ဆုတောင်းမပြည့်ဘူးဆိုပေမယ့်
ဒီကမ္ဘာမှာ မင်း ရှင်သန်နေတာကိုက
ကိုယ့်ကောင်းမှုကုသိုလ်တွေ
အကျိုးပေးနေတာလို့  ခံယူပါတယ် ။

သျှင်မိုးပြေး

Comments