ကိုသန်းလွင် ● အိန္ဒိယ၏ အမြင့်ဆုံးတရားလွှတ်တော်

ကိုသန်းလွင် ● အိန္ဒိယ၏ အမြင့်ဆုံးတရားလွှတ်တော်
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၈


(၁)
သတင်းစာကို ဖတ်လိုက်လျှင် အိန္ဒိယ၏ အမြင့်ဆုံးတရားလွှတ်တော်သည် အချိန်တိုင်းမှာ နေရာတိုင်းကို ရောက်ရှိနေသည် ဟူသောအမြင်ကိုမြင်မိရပါသည်။

လွန်ခဲ့သော ရက်သတ္တပါတ်အတွင်းက ကိုလိုနီခေတ်က ဥပဒေဖြစ်သည့် “အိမ်ထောင်ရေး ဖောက်ပြန်မှုတိုင်းသည် ပြစ်မှု မြောက်သည်” ဟူသောစနစ်ကို ပယ်ဖျက်လိုက်ပါသည်။ ထိုရက်မတိုင်မှီတနေ့က တိုင်းပြည်၏ အိုင်ဒီ (ID) စနစ်ဖြစ်သော အက်ဒဟာစီမံကိန်း (Aadhaar) ကိုသူတို့၏တကိုယ်ရေ လွတ်လပ်မှု ကိုထိခိုက်နေသည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ယခုလ စောစောပိုင်းကလိင်တူဆက်ဆံမှု (Gay Sex) နှင့် ပတ်သက်၍  နှစ်ပေါင်း ၁၅၀ ကျော်ရှိနေခဲ့ပြီဖြစ်သော ဥပဒေကိုပြင်ဆင် လိုက်ပါသည်။

(၂)
ဤတရားရုံးသည် လူပေါင်း ၁.၃ ဘီလီယံအတွက် ကြီးမားကျယ်ပြန့်သော ဒီမိုကရေစီ၏  အရေးကြီးသောအဖွဲ့အစည်း (Institution) ကြီးဖြစ်ပါသည်။ လူတို့၏ဘ၀များတွင် ခွေးရူးများ၊ လူသားစားကျား များ၊ လူအုပ်စုဝိုင်းဖွဲ့ရိုက်သတ်ခြင်းများ၊ အမှိုက်ပစ်ခြင်းနှင့် မွတ်ဆလင်တို့်၏ လင်မယားကွဲခြင်းများ ကအစ အိန္ဒိယနိုင်ငံရေးသမားများအတွက် အရေးကြီးလှသဖြင့် မထိမကိုင်ရဲသော ကိစ္စများကို ဆုံး ဖြတ်နေကြခြင်းဖြစ်ပါသည်။

၎င်းသည်လူအုပ်စုအတွင်းရေပန်းစားနေသောအငြင်းပွားမှုများ၊ လူအများစိတ်ဝင်စားမှုရအောင်သေချာ စကားလုံးစီ၍ထားသောစီရင်ချက်များနှင့်ရေပန်းစားနေပါသည်။ အမှုတစ်ခုတွင်မိန်းကလေးငယ်တစ်ဦး မိမိကိုယ်ကို သေကြောင်းကြံသတ်သေသွားအောင်လုပ်သောအမှုတစ်ခု ပေါ်ပေါက်ခဲ့ပါသည်။ ထိုအမှုတွင် “ဘယ်သူမှ မိန်းကလေးတစ်ဦးကို ချစ်ခင်လာအောင် ဖိအားပေး၍မရ” ဟူ၍ ဆုံးဖြတ်ခဲ့ပါသည်။

အမေရိကန်၏အမြင့်ဆုံး တရားရုံးသည် တစ်နှစ်တွင် အမှုပေါင်း ၇၀ လောက်ကိုသာ ကြားနာစစ်ဆေးပါသည်။ အိန္ဒိယတရားရုံး ချုပ်ကမူ အမှုပေါင်း ၇၀၀ ကျော်ကို တနေ့ထဲအပြီး ကြားနာပါသည်။ တိုင်းသူ ပြည်သားတယောက်သည် အနည်းဆုံး သူ့အမှု ကို အမြင့်ဆုံးတရားရုံးက ကြားနာခွင့်ကို အလွယ်တကူ ရနိုင်ပါသည်။ ဤရုံးကအမှုများကို အဘယ်သို့ ကြားနာပါသနည်း ဟု မေးရန်ရှိပါသည်။

၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက (Supreme Court) သည် အိန္ဒိယနိုင်ငံ၏ အရေးကြီးဆုံး အဖွဲ့ကြီးဖြစ်ခဲ့ပါသည်။ တိုင်းပြည်နေရာအနှံ့ရှိနေကြသော အမှုကြားနာစစ်ဆေးတရာရုံးများ၏ ပိရမစ်သဘွယ် အဆောက်အဦးတွင် ထိပ်ဆုံးကရှိနေ သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ယခုအခါ ဤ တရားရုံးတွင် တရားသူကြီး ၂၅ ဦး ရှိနေပြီး တရားစစ်ဆေးရာရုံးခန်း ၁၂ ခန်းခန့်ရှိရာတွင် အမှုတစ်ခု လျှင် တရားသူကြီး ၂ ဦးမှ ၃ ဦးကြားနာကြပါသည်။ ဤအဖွဲ့အစည်းသည် သီးသန့်မြေနေရာတွင် ရှိပြီး နယူးဒေလီမြို့တွင် နီညိုရောင်အဆောက်အဦနှင့် လိုက်လျောညီထွေရှိသော ဥယျာဉ်ပန်းခြံ၏အလယ်တွင် တည်ရှိပါ သည်။

သို့ပါသော်လည်း ၄င်းသည် အလုပ်ရှုတ်ချိန်၌ရှိနေသော မီးရထားဘူတာရုံကြီးနှင့်လည်း တူပါသည်။ ထောင်ပေါင်းများစွာသော လူအုပ်ကြီးက ၄င်း၏ဂိတ်များတွင် ဖြတ်သန်းနေကြပါသည်။ လက်ဆွဲအိတ်များ၊ ဖိုင်တွဲများ ရှည်လျားသောဝတ်ရုံများနှင့်လူများကို ကာလာစုံတွေ့ကြရပါသည်။ အိုလံပစ်ပွဲတော် တွင်တွေ့ရသလို နေရာတိုင်း၌ကျင်းပနေကြသော တရားစစ်ဆေးနေပုံ များကို တီဗွီမော်နီတာများတွင် တွေ့နိုင်ပါသည်။ တရားစစ်ဆေးနေပုံများကို တွေ့ရသည်မှာ ပွဲတော်ကြီးကျင်းပနေသလို ဖြစ်နေပါသည်။ လူတွေဖြင့် ပြည့်သိပ်နေသောအခန်းထဲတွင် ဝတ်ရုံရှည်ကြီးတွေဝတ်ထားသော ရှေ့နေများမှာလက်ကိုင် ပုဝါထုတ်၍ မျက်နှာကိုသုတ်နေကြပါသည်။

အိန္ဒိယအစိုးရများသည် တိုင်းပြည်၏ ကြီးမားကျယ်ပြန့်လှသော ဧရိယာကြောင့် ဦးနှောက်ခြောက်စရာဖြစ်နေပါသည်။ ဒီမိုကရေစီမှာနှစ်ပေါင်းမကြာသေးသဖြင့်နယ် ၂၉ နယ်နှင့်ယူနီယံ ၇ခုဖြင့်ခွဲ၍ဖယ်ဒရယ် မူအရ အုပ်ချုပ်ရသောကြောင့်မကြာခဏ ဥပဒေ၏ ချို့ယွင်းလစ်ဟာချက်များကို တွေ့နေရပါသည်။

အိန္ဒိယပါလီမန်မှာ တိုင်းပြည်၏ လူတန်းစားခွဲခြားသောစနစ် (Caste system)၊ ဘာသာရေးကွဲပြားမှု နှင့်နယ်နိမိတ်လိုင်းမျာကွဲပြားနေမှုတို့ကြောင့် အချင်းချင်းရန်ဖြစ်ကြရသည်ကများပြီး လုပ်နိုင်ကိုင်နိုင်မှု လျော့နည်းခြင်းပြဿနာများရှိပါသည်။ ထိုလုပ်ငန်းများထဲတွင် ပြည်သူပြည်သားများ ထံမှ ကောက်ခံရ ရှိသော ရူပီး ငွေသန်းချီ၍ဆုံးရှုံးနေရပါသည်။

အစိုးရ၏စီမံခန့်ခွဲမှုဖြင့် လူတို့၏အခြေခံလိုအပ်ချက်ဖြစ်သော အလုပ်ဖြစ်နေသောဆေးရုံ၊ သောက်သုံး နိုင်သောရေနှင့်ရေဆိုးနှင့်မိလ္လာစွန့်ထုတ်ခြင်း ပြဿနာမျိုးစုံဤရုံးကိုပင်အကူအညီတောင်းကြရပါသည်။

ကာလရှည်ကြာ ဤတရားရုံး၏တရားမျှတသော စီရင်ချက်များကို ပြည်သူတို့ကြားခဲ့ရပါသည်။ ၀န်ကြီးချုပ်မိုဒီ (Mr Nerendra Modi) ၏ အစိုးရလက်ထက်တွင်မူ တိုင်းပြည်၏အာဏာရှိလှသောအစိုးရ၏ အုပ်ချုပ်ပုံနှင့်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်များတူညီမှုမရှိသည်ကိုတွေ့ကြရပါသည်။ မိုဒီကတိုင်းသူပြည်သားများ၏ နေ့စဉ်ဘ၀ကို ကိုယ်စားပြုသည်ဟုပြောလေ့ရှိသည်။ သူ၏ မုတ်ဆိတ်အဖြူများနှင့် ဓာတ်ပုံ မှာနေရာအနှံ့တွင်တွေ့နေရပါသည်။ သူ၏ပါတီ၏အုပ်ချုပ်ပုံမှာပါတီတွင်းညီညွတ်မှုတော့ရှိပါ၏၊ သို့သော် တိုင်းပြည်နေရာအနှံ့ အကွဲအပြဲများမှာသိသာပေါ်လွင်နေပါသည်။ သူ၏အာဏာရလာပုံမှာ ဟိန္ဒူမျိုးချစ် ၀ါဒကို အခြေခံပြီး အိန္ဒိယတွင်သက်တမ်းတာရှည်ကွဲပြားနေခဲ့သော မွတ်ဆလင်များနှင့် ပဋိပက္ခ ကိုပို၍ ပေါ်လွင်စေပါသည်။ အမြင့်ဆုံး တရားရုံးမှာ မိုဒီအစိုးရဘက်က က်လိုက်သည်ဟူသော စွတ်စွဲချက်များ ကို မကြာမကြာကြားကြရပါသည်။

တရားရုံးမှာ အချက်အလက်ရှာဖွေရေးအဖွဲ့ဖြင့် ပြဿနာများကို အခြေအမြစ်အထိ လိုက်တတ်သော ဥပမာများကိုလည်း တွေ့နေရပါသည်။ ဥပမာအခိုးအငွေ့ထုတ်၍ပြည်သူလူထုကို ဒုက္ခပေးသောကျောက် မီးသွေးစက်ရုံများ၊ မြေအသုံးချမှု၊ ဘတ် (စ) ကား၊ တက္ကစီ နှင့် အနှေးယာဉ်များကိုဂက်စ် (Compressed Natural Gas) ဖြင့် မောင်းနှင်စေ၍ ပါတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ပုံတို့ကိုအခြေ အမြစ်အထိ လိုက်လံကြည့်ရှုလေ့ရှိပါသည်။ သို့ပါသော်လည်း ဒေလီမြို့ ၏လေထုမှာ ညစ်ညမ်းတုံး ပင်ဖြစ်ပါသည်။

အမြင့်ဆုံးတရားရုံး၏တရားသူကြီးများကိုအောက်ခြေတရားသူကြီးများကြားမှရွေးချယ်တင်မြှောက်ရပါသည်။ အငြိမ်းစားယူ သောနှစ်မှာ ၆၅ နှစ်ဖြစ်ပြီး သူတို့၏အလုပ်လုပ်ရသောနှစ်မှာ ၁၀ နှစ်ထက်နည်းကြပါသည်။ အောက်တိုဘာလတွင် ယခု တရားသူကြီးချုပ် မစ်ဆရာ “Dipak Misra” သက်ပြည့်ပင်စင်ယူရပါမည်။ သူ့ကို အခြားတရားသူကြီးများက အမှုများကိုချ ပေးရာတွင် ဘက်လိုက်သည်ဟု စွတ်စွဲကြပါသည်။

များသောအားဖြင့် တရားသူကြီးများမှာ ဟိန္ဒူဘာသာကိုးကွယ်သောသူ၊ အမျိုးမြင့်သူများ (Upper Caste) နှင့် ယောက်ျားများ သာဖြစ်ပါသည် ယနေ့လက်ရှိဆိုလျှင်ခရစ္စယာန်ဘာသာဝင် တစ်ဦးနှင့် မွတ်စလင်တစ်ဦး ရှိပါသည်။ တရားသူကြီး ၂၅ ဦးတွင် ၂၂ ဦးမှာ ယောက်ျားများ ဖြစ်ပါသည်။

တရားရုံးချုပ်၏ပြဿနာမှာ တခါတရံ ၄င်း၏ဆုံးဖြတ်ချက်များကိုလူထုက မလိုက်နာဘဲမသိကျိုးကျွန်ပြု ကြခြင်းပင်ဖြစ်သည်။
အိန္ဒိယ၏အကြီးမားဆုံးပြဿနာမှာ အမှိုက်စွန့်ပစ်ခြင်းပင်ဖြစ်သည်။ ဒေလီမြို့တွင် စုပြုံနေသောအမှိုက်များမှာ ဂ၀ ဘီလီယံ ပေါင်ခန့်ရှိသည်။ သတင်းစာတွင်အမှိုက်များထဲမှခြင်ကကိုက်သောကြောင့် ကလေး ငယ်သေဆုံးရပုံကို ဖတ်မိရာမှ တရားရုံးပါဝင်ပါတ်သက်လာသည်။ တရားရုံးကဖက်ဒရယ်နှင့်မြူနီစပါယ် အရာရှိများကိုဆင့်ခေါ်သည်။ ရက်သတ်မှတ်သည်။ ကြားနာ၍အမိန့်ချမှတ်သည်။ ဘာမှမပြောင်းလဲချေ။

အိန္ဒိယအစိုးရရုံးများတွင် ကြီးမားခက်ခဲလှသော ဗျူရိုကရေစီကြောင့်လုပ်ငန်းများနှောင့်နှေး ကြန့်ကြာခြင်းသည်ပြင်မရနိုင်အောင်ကြီးထွားနေသည်။ ဘယ်သူမှလိုက်မလုပ်သော ဆုံးဖြတ်ချက်များကို ချမှတ်နေရသည်ဟု တရားသူကြီးက ညီးတွား သည်။ အိန္ဒိယသည်တနေ့တွင် ရှုပ်ထွေးလာသောအမှိုက်ပုံကြီးများအောက်တွင် ပျောက်ကွယ်သွားမည်ဟု ဆိုကြသည်။
(၃)
အိန္ဒိယနိုင်ငံ၏အမြင့်ဆုံးတရားရုံးက ချမှတ်လိုက်သော စီမံချက်တစ်ခုကို လူတို့က မသိကျိုးကျွန်ပြုနေ ကြသည်မှာမယုံနိုင်စရာအံ့ခမန်းဖြစ်ပါသည်။ အမြင့်ဆုံးရုံးသို့ တက်သင့်သောအရာမှတက်၍အောက်ရုံး တွင်ပြီးနိုင်သမျှကို အောက်တွင်ပြီးပြတ်စေ သင့်သည်။ အိန္ဒိယရုံးများက အသံသာမည်၍ အလုပ်မဖြစ်သည်မှာ လူပြောများလှပါပြီ၊ အများကပြောသလို အမှိုက်ပုံကြီးအောက်တွင်ပျောက်မသွားရန်လိုအပ် နေပါသည်။

ကိုသန်းလွင်
Ref: Hundreds of Cases, All in a day’s work by Hari Kumar New York Times 29-30 September 2018

Comments