မောင်လူပေ - ဆီဈေးလား၊ ဆက်တက်ဦးမှာ


မောင်လူပေ - ဆီဈေးလား၊ ဆက်တက်ဦးမှာ
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၈


လောင်စာဆီတွေဖြစ်တဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီဈေးတွေတက်သည်။ ဆက်တက်သည်။ တက်ပြီးရင်းတက်သည်။ နှစ်ကုန်အထိလည်း ပြန်ဆင်းရန် အကြောင်းမမြင်သေး။ ဆက်တက်ဖို့သာရှိ၏။

အကြောင်းကား အီရန်ကို ထရန့်အစိုးရ၏ ပိတ်ဆို့မှုမှစသည်။ အီရန်က ကမ္ဘာပေါ်တွင် ရေနံအများဆုံးထုတ်လုပ်ရာ၌တတိယအဆင့်။ သူ့ရေနံကိုတရုတ်နှင့်ဥရောပတို့က အများဆုံးဝယ်ကြသည်။

သမ္မတထရန့်က အီရန်နှင့်သဘောတူထားသော နြူကလီယားသဘောတူစာချုပ်ကို ဖျက်သည်။ စီးပွားရေးဒါဏ်ခပ်မှုတွေ ဆက်လုပ်သည်။ အီရန်ရေနံကိုမဝယ်ရန်တားမြစ်သည်။ ရေနံဒေါ်လာမှန်သမျှက နယူးယော့ခ်ကိုဖြတ်ပြီးသွားရသဖြင့် အရောင်းအဝယ်မှန်သမျှ သူတို့သိသည်။

အီရန်၏အဓိကဖေါက်သည် ဥရောပက မဝယ်ဖို့သဘောတူသည်။ တရုတ်က အစပိုင်းမှာ အင်တင်တင်နှင့်ငြင်းသည်။ တရုတ်ရေနံလိုအပ်မှုက ကြောက်ခမန်းလိလိ။ အီရန်ရေနံမရလျှင် ဒုက္ခတွေ့နိုင်သည်။ သည်တော့ တရုတ်ငွေစက္ကူယွမ်ဖြင့် ရေနံရောင်းချရန် ကြံစည်ကြသည်။ ရေနံယွမ်ဟုခေါ်၏။

လက်တွေ့တွင် ရေနံယွမ်စီးဆင်းမှုက ထင်သလောက်မလွယ်။ တရုတ်ယွမ်ငွေက ကန့်သတ်မှုများလှ၏။ ဈေးကလည်းထိုးကျနေသည့်အချိန်။ ရေနံယွမ်က မွေးကင်းစကလေးလို လှုပ်ရှားနိုင်မှုမရှိသေး။ ဒေါ်လာဖြင့်သာ ရောင်းဝယ်ကြဖို့ အကြောင်းရှိလေတော့ အမေရိကန်စကားကို နားမထောင်၍မရတော့။

တရုတ်က အီရန်ရေနံမဝယ်တော့ပါဟု အသံထွက်လာ၏။ ဈေးကွက်ထဲမှ အီရန်ရေနံဝေစုပျောက်ပြီ။ ဆော်ဒီအပါအဝင် ပင်လယ်ကွေ့နိုင်ငံများကလည်း ဒီဝေစုလိုအပ်ချက်ကို အချိန်မီမဖြည့်တင်းနိုင်။ ထိုထိုသော အကြောင်းများပေါင်းစုံမှုကြောင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာရှစ်ဆယ်အထိ ထိုးတက်လာတော့၏။ဒေါ်လာတစ်ရာထိ တက်နိုင်သည်ဟုလည်းဆိုကြသည်။

ရေနံဈေးတက်တော့ ဓါတ်ဆီ၊ ဒီဇယ်စသော လောင်စာဆီဈေးတွေတရိပ်ရိပ် တက်ကြသည်။ ပို့ဆောင်ဆက်သွယ်ရေးဂဏ္ဍလည်း လိုက်တက်ကြသည်။ ကား၊ ရထား၊ လေယာဉ်ဈေးတွေလည်း တက်ကြသည်။

ရေနံဈေးတက်ရတဲ့အထဲမှာ လောင်စာထပ်လောင်းသလိုဖြစ်ရသည့်အကြောင်းနောက်တစ်ခုလည်း ရှိသေး၏။ တူရကီနိုင်ငံတွင် ဆော်ဒီသတင်းထောက် ပျောက်ဆုံးမှုဟူ၏။ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းဝင်သွားပြီး ပြန်ထွက်မလာတော့သည့် ထိုသတင်းထောက်ကြောင့် ဆော်ဒီကို ဖိအားပေးဖို့ ထရန့်ကိုတောင်းဆိုကြသည်။ ထရန့်မှာ ရွေးချယ်စရာမရှိ။ ဆော်ဒီကိုဖိအားပေးရသည်။ သည်တော့ ဆော်ဒီက ဒေါသနှင့်တုန့်ပြန်သည်။

ဆော်ဒီတို့ကား ရေနံကို လက်နက်သဖွယ်သုံးကာ လုပ်ချင်ရာလုပ်နေသောနိုင်ငံ။ မည်သူမျှမပြောရဲကြ။ ရေနံကိုဒေါ်လာနှင့်သာ ရောင်းဝယ်ရာမှ အခြားငွေများလက်ခံမည်ဟု မကြာခဏချိမ်းခြောက်လေ့လည်း ရှိ၏။ အခုလည်း ထိုအတိုင်း တုန့်ပြန်သည်။ လက်နက်ဝယ်ယူမှုတွေ၊ ရင်းနှီးမြှုတ်နှံမှုတွေပြန်ရုတ်မည် ဘာညာ ဟိန်းဟောက်နေလေသည်။

ဆော်ဒီနှင့်အမေရိကန် ရန်ဖြစ်မှုကြောင့် ရေနံဈေးက ထိပ်သို့ထပ်တက်မည်ဟု မှန်းကြပြန်၏။ တစ်စည်ကိုဒေါ်လာတစ်ရာမှ နှစ်ရာထိ တက်မည်ဟု ပြောသူလည်းရှိ၏။ သို့ဆိုလျှင် ကားတွေရပ်ပြီး ခြေလျှင်လျှောက်ဖို့သာ ရှိပါ၏။

ကမ္ဘာကြီးကား မဘသခေါင်းဆောင်ကြီးထရန့်အောက်တွင် ငြိမ်းချမ်းမှုတွေ ဆိပ်သုဉ်းလာနေလေပြီ။

Comments