လွမ်းဒေါင်/Myanmar Now - ပြင်သစ်စာအုပ် La liberté s'apprend ၏ ဇာတ်ကောင် ကချင်လူငယ်ကို ဂုဏ်ပြု



ပြင်သစ်စာအုပ် La liberté s'apprend ၏ ဇာတ်ကောင် ကချင်လူငယ်ကို ဂုဏ်ပြု
လွမ်းဒေါင်/Myanmar Now
(မိုးမခ) အောက်တိုဘာ ၂၊ ၂ဝ၁၈



ပြင်သစ်စာအုပ်La liberté s'apprend ၏ဇာတ်ကောင် နောဂျာဂေါ့လူ (ဓာတ်ပုံ - ဇော်အောင်)

(ရန်ကုန်) - ပြင်သစ်စာအုပ် La liberté s'apprend ၏အဓိကဇာတ်ကောင် ဖြစ်သည့် ကချင်လူငယ် နောဂျာဂေါ့လူအား တနင်္ဂနွေနေ့တွင် မြစ်ကြီးနားမြို့ တွင် ကချင်လူမှုအသိုင်းအ၀ိုင်း က သံလုကာ ဓမ္မကောလိပ်တွင် စံပြ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဂုဏ်ပြုခဲ့ကြသည်။

ယခုတွင် အသက်၃၁နှစ်အရွယ်ရှိပြီဖြစ်သည့် နောဂျာဂေါ့လူသည် အသက်၁၃နှစ် အရွယ် ကတည်းက အလုပ်လုပ်တစ်ဘက်ဖြင့် ကျောင်းတက်ရင်း ဖိလစ်ပိုင်နိုင်ငံ Los Baños တက္ကသိုလ်မှ ပညာရေး စီမံခန့်ခွဲမှု မဟာဘွဲ့ကို ၂၀၁၃မှာ ရယူနိုင်ခဲ့သည်။

သူ၏ဘ၀တစ်လျှောက်ရုန်းကန်မှုများအကြောင်း အထုပ္ပတ္တိစာအုပ်ကို ပြင်သစ်ဘာသာဖြင့် ပြီးခဲ့သည့်လက ထုတ်ဝေခံခဲ့ရ ပြီးနောက်လူသိများလာခဲ့သည်။

မြန်မာဘာသာဖြင့် လွတ်လပ်ခြင်းသည်သင်ယူမှုဖြစ်သည် ဟုအဓိပ္ပါယ်ရသည့် ပြင်သစ်စာရေးဆရာမ Fanny Cheyrou ၏ La liberté s'apprend သည် ပြင်သစ်တို့၏ စိတ်ဓာတ်ကို လှုံ့ ဆော်ပေးသည့် စာအုပ်အဖြစ် လူသိများနေကြောင်း၊ ယင်းစာအုပ်၏ ဇာတ်ကောင် နောဂျာဂေါ့လူအားလည်း စိတ်ဓာတ်ပြင်းထန်သန်မာသည့် လူငယ်တစ်ဦးအဖြစ် ပြင်သစ်တို့ကအသိအမှတ်ပြုကြကြောင်း ဂုဏ်ပြုပွဲကိုစီစဉ်သည့် Community Health And Development ၏ ဒါရိုက်တာ Peter Mahka Myo Awng က Myanmar Now ကို ပြောသည်။

“ငယ်စဉ်ကတည်းက ဆင်းရဲဒုက္ခတွေကိုကျော်ဖြတ်ပြီး ပညာရေးမှာရော၊ လူမှုရေးမှာရော အခုလို အောင်မြင်မှု ရရှိအောင် ကြိုးစားခဲ့တဲ့ အပေါ် အရမ်းအတုယူထိုက်လို့အခုလို ဂုဏ်ပြုပေးရခြင်းဖြစ်တယ်။ လူငယ်တွေအားလုံး အတွက်လည်း စံနမူနာ ယူထိုက်သူတယောက်အဖြစ် မြင်တွေ့စေချင်လို့လည်းဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ နောဂျာဂေါ့လူ၏ဖခင်နှင့်အကိုတို့ သည် သူအသက်၁၃နှစ်အရွယ် ကတည်းကနေအိမ်မှထွက်သွားခဲ့ပြီးနောက် ကျန်းမာရေးမကောင်းသည့်မိခင်နှင့် မောင်နှမလေးဦးအားရှာဖွေကျွေးမွေးရင်း မဟာဘွဲ့ရသည်အထိပညာသင်ကြားခဲ့သူဖြစ်သည်။

ဖိလစ်ပိုင်တွင် မဟာဘွဲ့ရခဲ့ပြီးနောက် ဇာတိမြေ မြစ်ကြီးနားတွင် Brilliant English Language Stundent Center အမည်ရှိကိုယ်ပိုင်အင်္ဂလိပ်စာ သင်တန်းကျောင်းဖွင့်လှစ်ပြီး ပညာသင်ကြားရန်ခက်ခဲသည့် ဘ၀တူ ကျောင်းသားများအား အခမဲ့ပညာသင်ကြားပေးလျှက်ရှိသည်။

ယခုအချိန်မှာ နောဂျာဂေါ့လူဟာ ကိုယ်ပိုင်အင်္ဂလိပ်စာသင်တန်းကျောင်း Brilliant English Language Stundent Center) အား မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်မှာ ဖွင့်လှစ်ထားပြီး လူငယ်များအား စိတ်ဓာတ်မြင့်တင်ရေး အစီအစဉ်များကိုပြုလုပ်နေလျက်ရှိပါတယ်။

ကိုယ်ကျိုးကိုမကြည့်ဘဲ ခက်ခဲသောလူငယ်များအားအခမဲ့ ပညာသင်ပေးခြင်း၊ စိတ်ဓတ်ခွန်အားများ မြင့်တင်ပေးခြင်း၊ ဟောပြောပွဲများ ကျင်းပပေးခြင်း၊ ဆင်းရဲခက်ခဲသော လူငယ်များနှင့်တသားထဲနေထိုင်ကာ ပြုစုပျိုးထောင်ပေးခြင်း တို့ကို ပြုလုပ်လျက်ရှိပါတယ်။

Comments