ထက်ခေါင်လင်း/Myanmar Now - အထည်ချုပ်စက်ရုံသပိတ်စခန်းရိုက်ပွဲ လက်နက်ကိုင်ရဲဖြင့် စောင့်ကြည့်နေ



အထည်ချုပ်စက်ရုံသပိတ်စခန်းရိုက်ပွဲ လက်နက်ကိုင်ရဲဖြင့် စောင့်ကြည့်နေ

ထက်ခေါင်လင်း/Myanmar Now
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၈




(ဓာတ်ပုံများ - ထက်ခေါင်လင်း/Myanmar Now)
 
ယနေ့နံနက်အစောပိုင်းက ရန်ကုန်မြို့  ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဖုယွင်အထည်ချုပ်စက်ရုံ သပိတ်စခန်းတွင် ရိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်ရဲများက အခင်းဖြစ်ပွားရာ စက်ရုံအနီးတ၀ိုက်ကို ပိတ်ဆို့ထားလိုက်သည်။

ယမန်နေ့ညပိုင်းကတည်းက ကြိုတင်သတင်းထွက်နေသည့်အတိုင်း နှစ်လနီးပါးကြာ ဆန္ဒပြနေကြသည့် စက်ရုံအလုပ်သမားများရှိရာ စက်ရုံအနောက်ဘက်ရှိ သပိတ်စခန်းကို မည်သူမည်ဝါမှန်း မသိရသေးသည့် အရပ်ဝတ်များက ၀င်ရောက်ရိုက်နှက်ခဲ့ကြသည်။

အလုပ်သမားများ၏အဆိုအရ အဆိုပါအကြမ်းဖက်မှုအတွင်း အနည်းဆုံး အလုပ်သမား ၂၅ ဦး ဒဏ်ရာရခဲ့ပြီး ၄င်းတို့ထဲမှ ၃ဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံနေရသည်ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီး မိနစ်ပိုင်းအကြာတွင် စက်ရုံအနီးတ၀ိုက်မှဒေသခံများနှင့် အလုပ်သမားသပိတ်ကို ထောက်ခံသူများက စက်ရုံကို ခဲဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

နှစ်ဘက်အကြား ပဋိပက္ခဖြစ်ခဲ့ကြပြီးနောက် လက်နက်ကိုင်ရဲများက အခင်းဖြစ်ပွားနေခဲ့သည့် နေရာကို ပိတ်ဆို့ထားလိုက်သည်။

အဆိုပါစက်ရုံတွင် ဆန္ဒပြအလုပ်သမားများက သပိတ်စခန်း ၃ ခု ဖွင့်ထားပြီး နံနက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သည့် စက်ရုံအနောက်ဘက်သပိတ်စခန်းကို လက်နက်ကိုင်ရဲများက ၀င်ထွက်ခွင့်ပိတ်ပင်ထားသော်လည်း ကျန်သပိတ်စခန်းနှစ်ခုတွင် အလုပ်သမားများက ဆက်လက် ဆန္ဒပြနေကြသည်။







Comments