ခင်နှင်းဝေ/Myanmar Now - အပူဒဏ် ခုခံသည့် ရန်ကုန်တက္ကစီ အများအပြား အရေးယူခံရ




အပူဒဏ် ခုခံသည့် ရန်ကုန်တက္ကစီ အများအပြား အရေးယူခံရ
နေရောင်ကာကွယ်ရန် စတေကာကပ်ခြင်းဖြစ်ပြီး ဒုစရိုက်မှုကျူးလွန်ရန် မရည်ရွယ်ဟု ရန်ကုန်တက္ကစီသမားများက ပြောသည်။

ခင်နှင်းဝေ/Myanmar Now
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂ဝ၁၈

ရန်ကုန်ရှိတက္ကစီများ (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

(ရန်ကုန်) — ကားမှန် စတေကာ ကပ်ခြင်းမှာ အစိုးရစွပ်စွဲသကဲ့သို့ ဒုစရိုက်မှုများ ကျူးလွန်ရန် မရည်ရွယ်ဘဲ ပူပြင်းလှသည့် ရန်ကုန် နေရောင်ကို ကာကွယ်ရန်အတွက်သာ ဖြစ်ကြောင်း ကပ်ထားသည့် စတေကာကြောင့် လုပ်ငန်းလိုင်စင်သိမ်းခံရသည့် ရန်ကုန်မြို့ တွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်မောင်းများက ဆိုသည်။

နေရောင်ဒဏ်ခံ စတေကာကပ်သည့် အကြောင်းပြချက်ဖြင့် ရန်ကုန်ရှိ တက္ကစီများကို ဖေဖော်ဝါရီ လဆန်းအတွင်းက ဖမ်းဆီးခဲ့ပြီး လုပ်ငန်းလိုင်စင် ပိတ်သိမ်းရန် ရန်ကုန်တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့် တက္ကစီယာဉ်မောင်းများက ရန်ကုန် တောင်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ခရီးသည်တွေရော ယာဉ်မောင်းတွေပါ အရမ်းပူတဲ့အတွက် ကျွန်တော်တို့ ကားတွေဟာ အဲကွန်း (လေအေးစက်) မနိုင်တဲ့ အတွက် ကပ်တာပါ။ အခုလိုအရေးယူထားတော့ ကျွန်တော်တို့ နောက်ကွယ်က မိသားစုတွေရော ဒုက္ခရောက်နေရပါတယ် ဟု လုပ်ငန်းလိုင်စင် လေးလကျော်ကြာ သိမ်းခံထားရသည့် တက္ကစီယာဉ်မောင်း ကိုအောင်ဝင်းစိုးက ပြောသည်။

လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံရသည့် တက္ကစီယာဉ်မောင်း အခြားတစ်ဦးဖြစ်သော ကိုနေဝင်းထွန်း၏ အဆိုအရ စတေကာကပ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် ရန်ကုန်တွင် တက္ကစီ ၆၂ စင်း အရေးယူ ခံခဲ့ရသည်ဟုဆိုသည်။

ဒါ(လုပ်ငန်းလိုင်စင်) ကို သိမ်းထားတဲ့အတွက် ကျွန်တော်တို့ ကားတွေဟာ လိုင်စင်မဲ့ကား သဘော သက်ရောက်သွားတယ်။ တက္ကစီဆွဲပိုင်ခွင့် မရှိတော့ဘူး ဟု ယာဉ်မောင်း ကိုနေဝင်းထွန်းက ပြောသည်။
ဖမ်းဆီးမှုများ မတိုင်မီ ရက်ပိုင်းအလိုတွင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက တက္ကစီကားမှန်များတွင် စတေကာ၊ လေစုပ်ခွက်၊ လိုက်ကာ နှင့် ကြော်ငြာများ ကပ်ခြင်းကို အမြန်ဖယ်ရှားကြရန်နှင့် ၂ဝ၁၈ ဖေဖော်ဝါရီမှစတင်ပြီး လိုက်နာရန်ပျက်ကွက်ပါက လုပ်ငန်းလိုင်စင်ဖျက်သိမ်း သည်အထိ အရေးယူမည်ဟုကြေညာခဲ့သည်။

နေရောင်ကာများကို အကာအကွယ်ယူပြီး ဒုစရိုက်မှုများ ကျူးလွန်လာသဖြင့် မှုခင်းကျဆင်းရန် ဆောင်ရွက်ခြင်းဟုလည်း ထိုကော်မတီ၏ ကြေညာချက်တစ်စောင်တွင် ရေးသားထားသည်။

ထိုသို့ အရေးယူခြင်းများအတွက် ပြစ်ဒဏ်လျော့ပေါ့ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ လေးကြိမ်အထိ အသနားခံစာ တင်ပြပြီးနောက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ၄င်းတို့ကို ခေါ်ယူပြီး မော်တော်ယာဉ်ဥပဒေ ပုဒ်မ၄ဝ(ခ)လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်နေကြောင်း ရှင်းပြခဲ့သည်ဟု တက္ကစီ ယာဉ်မောင်းများက ပြောသည်။

ကျွန်တော်တို့ တစ်လတိတိ စောင့်ပါမယ်။ စတစ်ကာကမ်ပိန်း ဆက်လုပ်မယ်။ ဒါမှ စိစစ်ဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဆန္ဒ ထုတ်ဖော်သွားဖို့ ရှိပါတယ် ဟု ယာဉ်မောင်း ဦးခင်ဦးက ပြောသည်။


Comments