TNLA က၂လနီးပါး ဖမ်းထားသည့် ရှမ်းအမျိုးသမီးကိုပြန်လွှတ်ပေးမည်



TNLA က၂လနီးပါး ဖမ်းထားသည့် ရှမ်းအမျိုးသမီးကိုပြန်လွှတ်ပေးမည်
နန်းမိုဟွမ် ကို ရက်ပိုင်းအတွင်း လွှတ်ပေးမည်ဟု တိုင်းရင်းသားလက်နှက်ကိုင်များစုဖွဲ့ထားသည့် FPNCCမှ ညှိုနှိုင်းရေးအရာရှိကပြောသည်။

ထိုက်နန္ဒာဝင်း (Myanmar Now)မိုးမခ၊ အောက်တိုဘာ ၁၁၊ ၂၀၁၈

 (ရန်ကုန်) - တအောင်း/ပလောင် လက်နက်ကိုင်တပ်ဖွဲ့ TNLAက နှစ်လနီးပါးကြာဖမ်းဆီးထားသည့် နန်းမိုဟွမ်အား မကြာမီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမည်ဟု ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေးကော်မတီ(FPNCC)ညှိနှိုင်းရေး အရာရှိကပြောသည်။

“မကြာပါဘူး။ဒီရက်ပိုင်းမှာ လွှတ်ပေးမှာပါ။သူ့လုံခြုံမှုအရ အတိအကျရက်တော့ မပြောနိုင်ဘူး။ လမ်းခရီးမှာ လုံခြုံဖို့ပါ စဉ်းစားထားရလို့ပါ”ဟု တိုင်းရင်းသားလက်နှက်ကိုင်များစုဖွဲ့ထားသည့် FPNCCမှ ညှိုနှိုင်းရေးအရာရှိ ဦးအားမင် က Myanmar Now ကို ယနေ့(၁၀ အောက်တိုဘာ) အတည်ပြုပြောကြားသည်။

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်ရှိ ကုန်မာဆိုင်ရှင် နန်းမိုဟွမ်သည် TNLA က“အခွန်” ဟု သတ်မှတ် သည့် ဆက်ကြေးကောက်ခံမှုကို အစိုးရထံတိုင်ကြားခဲ့ကြောင်း TNLA ကစွပ်စွဲပြီးဩဂုတ်လ ၁၇ ရက်တွင် နေအိမ် အတွင်း ၀င်ရောက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သူ့အား TNLA၏အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် အပြင်းအထန်ထိခိုက်သေဆုံး သည် အထိ ဝတ္တရား နှောင့်ယှက်ခဲ့သဖြင့်ဟု ဆိုကာ TNLA၏ သီးခြားဥပဒေ ရာဇသတ်ကြီးပုဒ်မ(၃၃၃)ဖြင့် တရားစွဲဆိုခံခဲ့ရပြီးနောက်ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထောင်ဒဏ်၃နှစ် ချမှတ်ခံခဲ့ရသည်။

ထိုသို့ဖမ်းဆီးသွားရာ နှစ်လနီးပါးကြားမြင့်ပြီးနောက် ယင်းကိစ္စနှင့် ပတ်သက်၍ ကြား ၀င်ညှိုနှိုင်း ဆောင်ရွက် ပေးမည်ဟု FPNCCက မိသားစုနှင့် ၄င်းအားပြန်လည်လွတ်မြောက်ရေး ကူညီနေသည့် အဖွဲ့အစည်းများထံသို့ အောက်တိုဘာ ၄ရက် က အကြောင်းကြားခဲ့သည်။

FPNCC၏ စီစဉ်ပေးမှုအရ “၀” ဒေသ၊ပန်ခမ်းမြို့တွင် နန်းမိုဟွမ်၏ မိသားစုဝင်၊နမ့်ခမ်းမြို့နယ် လူမှုကူညီရေး အသင်းမှ ကိုယ်စားလှယ် လေးဦးနှင့် TNLAတို့ သည် အောက်တိုဘာလ ၉ရက်တွင် တိုက်ရိုက် ဆွေးနွေးခဲ့ ကြပြီး FPNCC နှင့် ရှမ်းလူမှုအဖွဲ့အစည်း၁၀ဖွဲ့မှ နန်းမိုဟွမ် လွတ်မြောက်ရေးကိစ္စနှင့် ပတ်သက်၍ ပူးတွဲကြေညာ ချက်တစ်ခုကို ယနေ့ (အောက်တိုဘာ ၁၀ရက်) တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်ထဲ၌ နန်းမိုဟွမ်ကို စစ်ဆေးရာ ပြစ်မှုပေါ်ပေါက်သဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရပြီး၊ လာရောက်ဆွေးနွေးသည့် ကိုယ်စားလှယ်အဖွဲ့က ချမှတ်ထားသည့် ပြစ်ဒဏ်အပေါ် လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးရန် မေတ္တာရပ်ခံခဲ့သောကြောင့် TNLAအနေဖြင့် ကာလကြာရှည်စွာ အတူတကွနေထိုင်လာခဲ့ သော တိုင်းရင်းသား များ ချစ်ကြည်ရင်းနှီးဆက်ဆ့မှုကိုရှေးရှု၍ အမြန်ဆုံးလွှတ်ပေးရန်သဘောတူခဲ့သည်ဟု ဖော်ပြ ထားသည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၊မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC) ၊"၀" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ပါဝင်သည်။

ပုံစာ
TNLA က ၂လနီးပါးကြာဖမ်းထားသည့် နန်းမိုဟွမ်

Comments