ဆောင်းယွန်းလ ● မဆုံးသော အစများ

ဆောင်းယွန်းလ ● မဆုံးသော အစများ
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၈

စိတ်ကို အစီခံထိရှိုက်ဖွာမိမှ
လောင်ကျွမ်းမှုက ရပ်တန့်သွားတယ်

ပုံမှားရိုက်ဖို့ 
ပုံမှန်အခြေအနေကိုမရောက်နိုင်ခဲ့သေးသလို
သဘာဝမကျတဲ့ သဘာဝတရားကို ငေးကြည့်နေရုံမှအပ
ငြင်းဆန်စရာတွေကို ငြင်းဆိုခွင့်လည်းမရှိခဲ့သေးပါ

အမြဲတမ်းနောက်ကျနေရခြင်းအကြောင်းကို
အမြဲတမ်းလိုလို ထိပ်ဆုံးကပြောနေရသူ
အိမ်ရှင်လူမမာမျက်ဖြူဆိုက်လေ
ဧည့်သည် သမားတော်များကြိုက်လေလေပါပဲ

ရွေးသီပြရမယ့်
တေးဂီတရဲ့ဘောင်ကကျဉ်းနေပြီး
ဘဝအမှောင်က ကျယ်လွန်းနေတော့
အကျယ်လောင်ဆုံးဟစ်ကြွေးမှုမှာ
အသံတစက်မှပြန်ပါမလာခဲ့ဘူး

မူးပြီးမှောက်နေတာ အကောင်းဆုံးပဲလား
စဉ်းစားခန်းထဲ
မီးခိုးတွေအလိပ်လိုက်အူလို့
ပျို့အန်ချစရာ မာန်မာနများလည်း
ရာဇဝင်ထဲမှာ တွဲလွဲချိတ်လို့ ကျန်ခဲ့ပါပြီ

သီငင်ရမယ့်ကြိုးပေါ်မှာ
ပန်းကောင်းဟာ အညွန့် ကျိုးလို့ 
လောင်မြိုက်ဆဲ မီးတွေကတော့
မိုးသားများထက်ဆီထိ အညွန့်တလူလူတက်ငြိနေခဲ့

ဖမ်းမမိနိုင်တဲ့ စိတ်ကို
အစီခံထိအောင် လောင်ကျွမ်းပစ်လိုက်ရတဲ့ နေ့များ။

ဆောင်းယွန်းလ

Comments