ဆောင်းယွန်းလ ● အိုးအိမ်မဲ့နေသူတယောက်ရဲ့ ဒိုင်ယာရီ


ဆောင်းယွန်းလ ● အိုးအိမ်မဲ့နေသူတယောက်ရဲ့ ဒိုင်ယာရီ
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၈

တိမ်တွေ
ဘယ်လိုဘယ်လောက်လှလှ
တိမ်ခေါင်မိုးအောက်မှာ အိပ်ရေးမဝနိုင်ခဲ့တဲ့ ညတွေ
ဘဝက
လေဒဏ် ရေဒဏ် နေဒဏ် မိုးဒဏ်တွေအောက်မှာ
ဓါတ်ပုံနဲ့ ပန်းချီကားတွေထဲမှာလို အကြမ်းမခံနိုင်ခဲ့ဘူး
စိတ်ကူးနဲ့ ရူးလို့ကောင်းတဲ့ အနမ်းတွေက
ရုပ်ရှင်တွေထဲမှာတော့ ပန်းလိုဝေကြတယ်
အလွမ်းအဆွေးနဲ့
လမ်းဘေးငေးနေခဲ့တော့လည်း
အစာအိမ်ကို မီးတောက်ပြင်းပြင်းက ဝါးမြိုခဲ့တာပါပဲ
စာအုပ်တွေထဲမှာ
လှိုင်းကို လှေလုပ်စီးရတာ ပျော်စရာကောင်းတယ်
ဘဝထဲမှာတော့
လှေကို လှိုင်းထဲဖြတ်ကျော်နိုင်မှ ကြောင်ကျကျမယ်
တိမ်တွေကို အခမဲ့ငေးကြည့်ခွင့်ရှိပေမယ့်
ဘဝတွေ အမိုးအကာအောက်ရောက်ဖို့ အရေးက
ကြေးကြီးတယ်။

ဒီလိုပဲ
မှတ်သားခဲ့ရတာလည်း မနဲတော့ဘူး
သူ့ဒိုင်ယာရီထဲမှာ မင်နီတွေတရဲရဲနဲ့ 
လွဲခဲ့ဖူးတဲ့အကြောင်းတွေ။

ဆောင်းယွန်းလ

Comments