ဝါကျဖြူ - ဥက္ကာခဲမီးတောက်များ

ဥက္ကာခဲမီးတောက်များ
ဝါကျဖြူ
(မိုးမခ) နိုဝင်ဘာ ၈၊၂၀၁၈

အဆောက်အဦးတွေထဲကနေပြီး
နံရံတွေထွက်လာကြတာ
နံရံတွေထဲမှာ အမည်နာမတွေရဲ့မီးစွဲ
လောင်နေတဲ့အသက်ရှူသံတွေ။

ပိုးဟပ်တွေမျောပါနေတဲ့ သွေးကြောတွေနဲ့
ခန္ဓာကိုယ်တွေက ကျေက်ဆူးတန်းလန်းနဲ့
နေလုံးက ခိုဝင်နေတာ။

ခလုတ်နှိပ်လိုက်တိုင်း သရုပ်ဆောင်တွေက
ထီးအမိုးတွေကို ချဲကားပစ်လိုက်ကြပြီး
ပင့်ကူမျှင်တွေထဲက ဆေးရည်တွေနဲ့
တမြို့လုံးရစ်ပတ်ပစ်လိုက်ကြတယ်။

လေထုထဲမှာ ကျနော်တို့
နှစ်သုံးဆယ်...နှစ်ငါးဆယ် ဥက္ကာခဲတွေ
ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ
တခုနဲ့ခု ထိပ်တိုက် မီးလောင်ရင်း
လေထုထဲမှာ....။

Comments