သစ်ကောင်းအိမ် ● နှစ်ကိုက်စာ ...

သစ်ကောင်းအိမ် ● နှစ်ကိုက်စာ ...
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၈

ရေပြင်ဖြစ်လျက်
အတွန့်အခေါက်တွေချိုးပြီး
မိုးကုတ်စက်ဝိုင်းအောက်
အပြစ်ပေးခံထားရသော လှိုင်းတံပိုးများ
တယောက်နှုတ်ခမ်းက စီးကျနေတဲ့သွေးကို
တယောက်နှုတ်ခမ်းနဲ့ သုတ်ပေးနေတဲ့ကမ်းခြေ
မနက်ဖြန်ရောက်တိုင်း တယောက်အသံ တယောက် ပိုနားစိုက်ရင်း
ပျော်ရွှင်ခြင်းဘုရားကျောင်းက အားလုံးအတွက်ထိုးတဲ့ ခေါင်းလောင်း
ညရဲ့ စိတ္တဇနောက်ခံမှာ ဝိုးတဝါးလွင့်ပျံနေသော အဝါရောင်တေးသံများ
တယောက်နဲ့ တယောက်နမ်းမှ ပန်းတွေပွင့်မယ့်
အသက်ရှည်၍ အနာမဲ့သောဥယျာဉ် ...
လမ်းမှန်ရင် ရောက်ရမယ် လမ်းမှန် မမှန်ဆိုတာကလည်း
ရောက်မှပဲ သိရမယ်
ယဇ်ပူဇော်ပွဲကွင်းပြင်ကြီးကို
ကျာပွတ်သံတရွှမ်းရွှမ်းနဲ့
ဖြတ်မောင်းလာသော ‘သမိုင်းဘီး’
လေညင်းမှာ မုန်တိုင်းကို ဂူသွင်းပြီး
လေပြင်းတွေကို သီချင်းတွေထဲ အကျဉ်းချထားမယ်
တကယ်ဆို လေးမြားလက်နက်တွေ မလိုဘဲ
ဖြတ်သန်းသွားရမယ့် ‘တောနက်ကြီး’
ဖြစ်သင့်တာက တယောက်နဲ့တယောက် ဝေမျှမှ
စားသုံးခွင့်ရမယ့် နှစ်ကိုက်စာ ‘ပန်းသီး’ …

(၂၃ နိုဝင်ဘာ ၂၀၁၈)

Comments