ကျော်ဟုန်း - ပျိုးအတွက် ထာဝရပျိုးခင်း


ကျော်ဟုန်း - ပျိုးအတွက် ထာဝရပျိုးခင်း
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၈

အလှဆုံးပန်းတွေ
ပျိုးသွားသူ။

ဖုန်းဆိုးမြေပေါ်
ပန်းအလှစုံ
ပျံ့ သင်းစေချင်သူ။

ကိုယ်တိုင် ထွန်ယက်သလို
တူရာ လူစု
ထွန်ယက်ဖို့ တိုက်တွန်းရင်း
သူ့ရဲ ပျိုးဟာ
ဖြိုးမောက်ခဲ့ပါတယ်။

သားထွေးဟာ
အများအရေးအတွက်
ပတ္တမြားအသွေးလို ရွှန်းလက်
ဆရာကြီးနဲ့ အတွဲညီ
ကိုရဲလွင်ရဲ့  ပုလဲသီ။

ပြည့်အကျိုးကို
ဂီတတံပိုးထမ်းပြီး
သီလ မညှိုးတဲ့ သူကိုမှ...။

ပန်းတပွင့်ကြွေတိုင်း
လွမ်းရင့်ရင့် နွမ်းလို့ 
ဝမ်းနည်းပက်လက်ဖြစ်ရပြီ။

ကိုသားထွေးရေ...
သမိုင်းကြောင်းဆိုတာ
ပြုလုပ်ရပေမယ့်
ဖျောက်ဖျက်လို့ မရ။

ဖောက်တဲ့လမ်းနဲ့
ပျိုးခဲ့ပန်းတွေ
သင်းပျံ့ လှိုင်အောင်
ကမ္ဘာမြေ တနေရာမှာ
မျိုးမပြတ်ရှိနေမှာပါ ကိုသားထွေး။

ကိုသားထွေးရေ...
ပန်းရဲ့ လမ်းဟာ
အဖြူ ထက်ဝက်
အနီစွက်စွက်
မေတ္တာ၊ ကရုဏာ ခင်းသောလမ်း။

ပန်းလမ်းကို
ဖောက်ခဲ့ပြီးပြီ
ရောက်ခဲ့ပြီးပြီမို့
နောက်ဆံတင်းမနေပါနဲ့တော့။

ကိုသားထွေး ပျိုးလို
ကျန်သူတွေလည်း
ဆက်ပျိုးနေမယ်။

ပျိုး ...ပျိုး... ဒီနေ့ က စလို့
ရည်မှန်းချက် ပြည့်အောင် ပျိုး ...။

ဖုန်းဆိုးမြေကို
ပန်းရဲ့ လမ်းဖြစ်ဖို့
ပန်းအလှစုံကို
ဆက်ပျိုးပါ့မယ်
သွားလေသူ တယောက်
ငြိမ်းချမ်းပါစေ...။

ကျော်ဟုန်း
၂၀၂၈၁၁၀၅

Comments