ပန်းရဲ့လမ်းပဲ့ကိုင်တဦးဖြစ်သူ တေးရေး၊ တေးဆို သားထွေး ကွယ်လွန်


ပန်းရဲ့လမ်းပဲ့ကိုင်တဦးဖြစ်သူ တေးရေး၊ တေးဆို သားထွေး ကွယ်လွန်
K (မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၈


လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းလူမှုကွန်ရက်ဂီတအဖွဲ့ရဲ့ပဲ့ကိုင်တဦးဖြစ်သူ တေးရေးတေးဆို အဆိုတော်သားထွေးဟာ ရန် ကုန်မြို့အောင်ရတနာဆေးရုံမှာ အသည်းရောဂါနဲ့ နိုဝင်ဘာ ၆ရက် နံနက် ၇ နာရီ ၁၅မိနစ်မှာ ကွယ်လွန်သွားပြီလို့သိရပါ တယ်။

တေးရေးတေးဆို သားထွေးဟာ ၁၉၆၈။ သြဂုတ် ၃၁မှာ ဖွားမြင်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၀ အရွယ်ရှိပါတယ်။ ဂီတ ဖြတ်သန်းမှုများအနေနဲ့ တကိုယ်တော်တေးစီးရီးခွေများအဖြစ် ပျိုး၊-(USHERတီးဝိုင်း)၁၉၈၅။ အတူတူနေချင်တယ်။ ၁၉၉၁ (Selection) အချစ်မဲ့သဘော(မဇ္ဈိမလှိုင်း)၊ မနွမ်းပန်း (မဇ္ဈိမလှိုင်း)တို့ထွက်ရှိခဲ့ပြီး စုပေါင်းတေးစီးရီးအနေနဲ့ ကမ္ဘာကုန် ကျယ်သရွှေ့(ခင်မောင်တိုး၊ စိုးပိုင်၊ ကိုရဲလွင်၊ ခိုင်ထူး၊ သားထွေး)တို့မှာ ပါဝင်သီဆိုခဲ့ပါတယ်။

ပျိုး၊ ရွာအ၀င်၊ နှင်း၊ အမျှမေတ္တာဝေ၊ အရိုးဆုံးလှည့်ကွက်၊ ချစ်ရတဲ့သူ ငြိမ်းချမ်းရေးဆုတောင်း သီချင်းတို့မှာ အထူးထင်ရှား ပြီး သားထွေးရေးသားပြီး အဆိုတော်သျှိုင်းအောင်သီဆိုတဲ့ ချစ်ရတဲ့သူသီချင်းမှာ အလွန်လူကြိုက်များခဲ့ပါတယ်။ Usher ။ မဇ္စျိမလှိုင်း။ Vertical Vibration ။ ပန်းရဲ့လမ်းတို့မှာ တွဲဖက်တီးခတ်သီဆိုခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး သီချင်းများသီဆိုပေးခဲ့ပြီး ၂၀၁၂မှာ လွတ်လပ်၊ ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်ကို ဂီတပညာရှင် ကိုရဲလွင်နဲ့အတူ ဖွဲ့စည်းထူထောင်ကာ ငြိမ်းချမ်းရေးကို အ စဉ်တောင်း ဆိုလှုပ်ရှားခဲ့ပြီး စစ်ဘေးရှောင်များအတွက် မြန်မာပြည်အနှံ့ဂီတဖြင့် လှည့်လည်ဖျော်ဖြေကာ ရန်ပုံငွေရှာဖွေ ပေးခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်မာလာဝင်း သမီး ၃ဦး ကျန်ရစ်ပါတယ်။

(ပန်းချီ- မင်းကျော်ခိုင်)

Comments