မြန်မာနိုင်ငံကာတွန်းဆရာကြီးများအား ဂါရ၀ကန်တော့ပွဲ နိုဝင်ဘာ ၁၈ ရက်နေ့ပြုလုပ်မယ်

မြန်မာနိုင်ငံကာတွန်းဆရာကြီးများအား ဂါရ၀ကန်တော့ပွဲ နိုဝင်ဘာ ၁၈ ရက်နေ့ပြုလုပ်မယ်
K (မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၈


မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ဦးစီးပြီး နှစ်စဉ်ကျင်းပမြဲ (၄၂)ကြိမ်မြောက် မြန်မာနိုင်ငံကာတွန်းဆရာကြီးများအား ဂါရ၀ကန်တော့ပွဲကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ၃၅လမ်း(လယ်)၊ အမှတ် (၁၅၀-၁၆၀)ရှိ MOON Art Gallery မှာ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ သက်ကြီးကာတွန်းပညာရှင်များကို ဂါရ၀ပြုကန်တော့တာဟာ နှစ်စဉ်ကျင်းပလာခဲ့တာ ဆယ်စုနှစ် ၄ခုကျော်ပြီဖြစ်ပြီး ယခုနှစ် ကန်တော့ခံကာတွန်းဆရာကြီးများကတော့ ကာတွန်းမောင်မောင်သက်၊ ကာတွန်း လှဖေ၊ ကာတွန်းချစ်ဆွေ၊ ကာတွန်းမြင့်သိန်း၊ ကာတွန်းမောင်မောင်၊ ကာတွန်းရွှေမင်းသား၊ ကာတွန်းဖေစန်း၊ ကာတွန်းအောင်အောင်၊ ကာ တွန်း တင်အောင်နီ၊ ကာတွန်းမြေဇာ၊ ကာတွန်းအကိန်း၊ ကာတွန်းငွေကြည်၊ ကာတွန်းမောင်မောင်လေး၊ ကာတွန်းသစ်ထွဏ်းအစရှိတဲ့ သက်ကြီးကာတွန်းပညာရှင် ၁၄ဦး ပါဝင်တယ် လို့သိရပါတယ်။

ယခု (၄၂)ကြိမ်မြောက် မြန်မာနိုင်ငံကာတွန်းဆရာကြီးများအား ဂါရ၀ကန်တော့ပွဲမှာ ပါဝင်လှူဒါန်းလိုသူများအနေနဲ့လည်း “အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်နေသော မြန်မာ နိုင်ငံကာတွန်းဆရာကြီးများအား ဂါရ၀ပြုကန်တော့ပွဲကို ၁၈။၁၁။၂၀၁၈ (တနင်္ဂနွေနေ့) ရန်ကုန်မြို့၃၅လမ်းအလယ်ဘလောက်ရှိ MOON Art Galleryမှာ ကျင်းပပြုလုပ်မည်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ နှစ်စဉ်အလှူငွေများ ပါဝင်လှူဒါန်းကြပါသော အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများအနေဖြင့် (၁) မြန်မာနိုင်ငံကာတွန်းဆရာများ အသင်းရုံးဖုန်း(၀၉-၇၉၀ ၉၆၁ ၉၃၃) ၊ (၂) အလှူငွေလက်ခံဖြတ်ပိုင်းများ လက်ဝယ်ထားရှိသော ကာတွန်းဆရာများနှင့် (၃) အောက်ဖော်ပြပါ ဧရာဝတီဘဏ်ငွေစာရင်းအမှတ် AYA-008 022 301 003 5716 သို့ ပေးပို့လှူဒါန်းနိုင်ပါကြောင်း လေးစားစွာဖြင့် နှိုးဆော်အပ်ပါသည်”လို့ရေးသားပြောဆိုထားပါတယ်။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း လူမှုကွန်ရက်စာမျက်နှာမှလည်း ကန်တော့ခံကာတွန်းဆရာကြီးများရဲ့အောင်မြင်ထင်ရှားခဲ့တဲ့ ကာတွန်းလက်ရာများကိုပြန်လည်ဖော်ပြပေး နေပါတယ်။

Comments