ထက်လူအောင် ● လမ်းလျှောက်ခွင့်


ထက်လူအောင် ● လမ်းလျှောက်ခွင့်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၈
နားကြပ်နဲ့ သီချင်းနားထောင်ရင်း
လက်နဲ့သာ စည်းချက်လိုက်နေရ
မျက်လုံးတွေက သူများခြေထောက်တွေချည်း
ရွေးရွေးကြည့်နေမိ
ထုံကျဉ်မှုရဲ့ အခြားတဖက်ကို
ဘယ်တော့များရောက်ရှိမလဲ
နေ့တိုင်း စိတ်ကူးနဲ့သာ ပန်းချီပုံဆွဲ
ပန်းချီပုံထဲ
လမ်းလျှောက်သူတွေ ခပ်များများပါခဲ့ပေါ့

ကောင်းကင်ရဲ့အရောင်ကို
ပြတင်းပေါက်က ကြည့်တယ်
သိမှုမှာရှိခဲ့တဲ့ မြေသားအရောင်ဟာ အရင်တိုင်းပဲလား
အတွေးနဲ့ပတ်တဲ့ ကမ္ဘာကြီးထဲ
မြက်ခင်းစိမ်းပေါ် ဖြတ်သန်းနူးညံ့
တောင်တန်းပေါ်လည်း ရောက်ရှိငေးမော
မြစ်ကမ်းဘေးလည်း ငေးရီစီးဆင်း
အရက်ပျံနံ့ကြောင့် ခရီးစဉ်ပျက်စီးခဲ့
ဆေးရုံမျက်နှာကျက်ကပန်ကာကိုသာ မြင်နေရဆဲ

မနက်ခင်း
မြေသားနုနုပေါ်
လမ်းလျှောက်ရတာ ပျော်စရာလို့
ခြေထောက်တွေကို
ငါ နေ့တိုင်းပြောနေခဲ့တယ်။

ထက်လူအောင်

Comments