ကွယ်လွန်သူ ကဗျာဆရာလူအိမ် နဲ့ ကျန်ရစ်သူ ကဗျာ ...



ကွယ်လွန်သူ ကဗျာဆရာလူအိမ်  နဲ့ ကျန်ရစ်သူ ကဗျာ ...
K (မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၁၈


ကဗျာဆရာလူအိမ် ယုဇနနေအိမ်မှာ ရုတ်တရက် မူးလဲပြီး ရန်ကုန် ဦးနှာက်နှင့်အာရုံကြောကုသဆောင်မှာ တက်ရောက်ကုသရင်း နိုဝင်ဘာ ၂၉ရက် နံနက် ၃နာရီ ၅၇မိနစ်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

ကဗျာဆရာလူအိမ်ဟာ ၁၉၈၈ အရေးအခင်းကြီးပြီး တောခိုကျောင်းသားတဦးလည်းဖြစ်ကာ လွတ်မြောက်နယ်မြေဒေသမှာလည်း ညီနိုင်ကလောင်ဖြင့် ကဗျာများရေးသားခဲ့ပါတယ်။ ငါတို့ကဗျာရေးတယ်၊ ပြာ၊ ရူးနေတဲ့ကမ္ဘာ၊ ဂျော်နီ၊ နွေဦး၊ အလံတိုင်၊ မင်းထွက်သွားတုန်းက၊ ကြည်းရေလေ စားသောက်ဆိုင် အစရှိတဲ့ကဗျာများဟာ ကဗျာချစ်သူကြားမှာအထူး ထင်ရှားပါတယ်။ ၂၀၁၆ခုနှစ်က ရူးနေတဲ့ကမ္ဘာတကိုယ်တော်ကဗျာစာအုပ်ကို စိတ်ကူးချိုချိုစာအုပ်တိုက်ကနေ ထုတ်ဝေထားပါတယ်။

ကဗျာဆရာလူအိမ်ကွယ်လွန်ခြင်းအတွက် ကဗျာဆရာနောက်ဆုံးရေးခဲ့တဲ့ကဗျာနဲ့ ၀မ်းနည်းကြေကွဲစွာ ဂုဏ်ပြုလိုက်ရပါတယ်။

အရူးတစ်ယောက်ရဲ့မှတ်တမ်း
လူအိမ်

အညိုးအတေးတွေနဲ့
စစ်ကိုင်းမှာ ကိုဖိုးအေးကြီးသေသွားတယ်

ဇာတ်လမ်းကတော့ မသန်းက စတာပါပဲ
နေဝင်းဟာ စတင်းတွေထုတ်တယ်
အရာမတွင်ခဲ့ဘူး
ကလက်ခ်ျကိုနီကော့ရဲ့Ak 47ဟာ
ကမ္ဘာကျော်သွားတယ်


စစ်ကြီးပြီးရင် မင်းဘာဆက်လုပ်မလဲ
စန္ဒယားဆက်တီးတာပေါ့
ပီယန်းနစ်ရုပ်ရှင်ကားမှာ
စန္ဒယားဆရာရဲ့အဖြေဟာ
ဂျာမန်စစ်ဗိုလ်ရဲ့ရင်ခွင်ကို
ထိုးခွဲသွားတယ်


မင်းမသေခင် မင်းတိုင်းပြည်အတွက်
ဝမ်းနည်းစကား ဘာပြောသွားချင်သေးလဲ
ကျုပ်လုပ်ရပ်မအောင်မြင်တာပဲ
ကျုပ်ဝမ်းနည်းတယ် တဲ့

လက်ဖြောင့်သေနတ်သမားရဲ့
ပစ်သတ်ခြင်းမခံရမီ ပြောသွားတဲ့
ငုယင်ဗန်ထရွိုင်းရဲ့စကားဟာ
ဗီယက်နမ်တော်လှန်ရေးကို
လှိုင်းထစေခဲ့တယ်

ကြောင် ဖြူတာ မည်းတာအရေးမကြီဘူး
ကြွက်ရဖို့အရေးကြီးတယ် တဲ့
တိန့်ရှောင်ဖိန်ရဲ့စကားဟာ
ကမ္ဘာကျော်တယ်


ကိုးကားစရာရှားလို့
အာဏာဟာ ပြောင်းဝမှာတည်တယ် ဆိုတဲ့
မော်စီတုန်းရဲ့ စကားလုံးကြီးငှားသုံး
စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး
ပစ်ရင်မှန်အောင်ပစ်တယ်ဆိုတဲ့
ဗိုလ်နေဝင်းရဲ့စကားဟာ
နိုင်ငံကိုမီးဟုန်းဟုန်းတောက်စေခဲ့တယ်


ဟဲ့ ... မပါတတ်ရင်
အီအီးတောင် နှစ်ခါပြန်ပါရတယ် ခလေးရဲ့
ငါတို့တုန်းတည်းကပြီးပြတ်ခဲ့ရင်
မင်းတို့အခုပြောနေသလို
ညီလာခံကြီးတွေ ညီလာခံလေးတွေ
ခေါ်နေစရာ အကြောင်းမရှိတော့ပါဘူးတဲ့
အသက်ကြီးနေပြီဖြစ်တဲ့
ငါ့အဖွားက ထပြောတယ်

ဟုတ်တော့လည်းဟုတ်သားပဲ
ငြိမ်းချမ်းရေးဟာ
တစ်ဖက်ခြံစည်းရိုးကိုကျော်
ပြန်ဦးမယ်ဆို ပျံသန်းသွားလိုက်တာ
ဘယ်အရပ်ဌာနေ ဘယ်ဆီထိမှန်းမသိ
ခုအချိန်ထိ
ပြန်လာဦးမလား မလာဦးမလားရယ် ။ ။

Comments