ဇော်သစ်ကြည် ● ဂျင်းကောင်တွေ


ဇော်သစ်ကြည် ● ဂျင်းကောင်တွေ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၈

ခြေထောက်ချပြီး ဖိနပ်စီးမယ်လုပ်တော့
ကျွဲတစ်ဖက် နွားတစ်ဖက်
ဂျင်းကောင်တွေ…..။

သူ့မိသားစုအတွက် မရှိမဖြစ်ဆိုတာ
ကိုယ်ချင်းမစာတတ်ဘူး
ဂျင်းကောင်တွေ…..။

ငတ်နေသူရှေ့မှ
လေလည်ရတယ်လို့
ဂျင်းကောင်တွေ…..။

ရလိုရငြား သာဓုကို ခပ်သွက်သွက်
ခေါ်ပေးလိုက်တယ်
ဂျင်းကောင်တွေ…..။

စိတ်ရှိတိုင်းသာဆိုရင်
တန်းစီပြီး ပါးရိုက်ချင်တယ်တဲ့
ဂျင်းကောင်တွေ…..။

အောင်မယ်… Like ပေးတာတောင်
လက်စားပေးရတယ်ဟ
ဂျင်းကောင်တွေ…..။

မျက်နှာထိမျက်နှာထားနဲ့
အိမ်မှာ ရွှေပေါ်မြတင်ထားသလို
ဂျင်းကောင်တွေ…..။

ပွင့်မယ့်ဘုရားတောင်
သူ့အကြွေးမကင်းသလိုပဲ
ဂျင်းကောင်တွေ…..။

ပေးတဲ့ပရိုမိုရှင်းတွေက ရွှေမင်းသမီး
ကုန်ပစ္စည်းကြည့်တော့ သူတောင်းစား
ဂျင်းကောင်တွေ…..။

လိုတိုင်း ထ ရှာ
မရတိုင်း ထ ငိုတော့တာပဲ
ဂျင်းကောင်တွေ…..။

သေပြီးမှ ဝိုင်းသွတ်ပေးတဲ့ သပိတ်တွေ
နာပြီးမှ ဝိုင်းသနားတဲ့ ဓါတ်စာတွေ
ဂျင်းကောင်တွေ…..။

ခွက် လက်နဲ့ကိုင်မိတာနဲ့
ခွက်စောင်းခုတ်တော့တာပဲ
ဂျင်းကောင်တွေ…..။

မုဒိတာ ဟာ
ပုဒိအာ လောက် အဖိုးမတန်ဘူးတဲ့
ဂျင်းကောင်တွေ…..။

ဆိုင်တယ်ဆိုရင်
စဥ့်အိုးတောင် ခွဲယူမယ်တဲ့
ဂျင်းကောင်တွေ…..။

မကြည့်တိုင်း
ထ ထအော်နေတော့တာပဲ
ဂျင်းကောင်တွေ…..။

ကိုယ့်လက်သည်းလေး ပဲ့သွားတာ
သူ့နှလုံးခွဲစိတ်ရတာထက် နာတယ်
ဂျင်းကောင်တွေ…..။

ပိုးသာကုန်သွားမယ်
မကုန်နိုင်တဲ့
ဂျင်းကောင်တွေ ကြား
ဂျင်းစင်စစ်ဖြစ်ဖို့ ကြိုးစားရဦးမယ်။

ဇော်သစ်ကြည်

Comments