ပန်းချီဆရာကြီး ဦးသက်အောင်ရဲ့Lifetime Memoryအမည်ရှိ တကိုယ်တော်ပန်းချီပြပွဲ Ahla Thit Art Galleryမှာ ပြသ



ပန်းချီဆရာကြီး ဦးသက်အောင်ရဲ့Lifetime Memoryအမည်ရှိ တကိုယ်တော်ပန်းချီပြပွဲ Ahla Thit Art Galleryမှာ ပြသ
K (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈


ပန်းချီဆရာကြီး ဦးသက်အောင်ရဲ့Lifetime Memoryအမည်ရှိ တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၁၇ရှိ Ahla Thit Art Galleryမှာ နိုဝင်ဘာ ၁၁ ရက်မှ ၁၅ရက်တိုင် နံနက် ၁၀နာရီမှ ညနေ၅နာရီထိ ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါ တကိုယ်တော်ပြပွဲဟာ ပန်းချီဆရာကြီး ဦးသက်အောင်ရဲ့၁၀ကြိမ်မြောက် တကိုယ်တော်ပြသခြင်းဖြစ်ပြီး ဆရာကြီးရဲ့တသက်တာရေးဆွဲခဲ့တဲ့မြန်မာ့ရှုခင်းတောတောင် သဘာဝများပါဝင်တဲ့ ရေဆေးပန်းချီလက်ရာများကို ၅ ရက်တိုင်တိုင်ပြသသွားမယ်လို့ သိရပါတယ်။

ပန်းချီဆရာကြီး ဦးသက်အောင်ကို မကွေးတိုင်းတောင်တွင်းကြီးမြို့၌ ၁၉၃၄ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၆၇ခုနှစ်မှာ မန္တလေးတက္ကသိုလ်မှ B.A(Bachelor Of Arts)နဲ့ဘွဲ့ရရှိခဲ့ပါတယ်။ ၁၉၇၀ခုနှစ်မှာ ပန်းချီပညာကို ပန်းချီဆရာကြီးများဖြစ်တဲ့ ဦးဘရွှေ၊ ဦးဘသက်၊ ဦးဘကြည်၊ ဦးသက်ညွှန့်၊ ဦးရွှေအောင်သိန်း၊ ဦးမြင့်ဆန်းတို့ထံမှာ သင်ယူခဲ့ပါတယ်။ အုပ်စုလိုက်ပြ ပွဲများအဖြစ် ၁၉၉၃ခုနှစ်မှ စတင်ကာ ၂၀၁၃ခုနှစ်ထိ ပြပွဲပေါင်း ၁၅၀ကျော် ပါဝင်ပြသခဲ့ပါတယ်။

၁၉၉၄ခုနှစ်မှ စတင်ကာ ၂၀၁၂ထိ တကိုယ်တော်ပြပွဲအကြိမ်ရေ ၉ ကြိမ်ကို ရန်ကုန်၊ ပုဂံ၊ ညောင်ဦး၊ ထိုင်း၊ အမေရိကန်၊ ဆွစ်စလန် အစရှိတဲ့နေရာများမှာ ပြသခဲ့ပြီး သူရဲ့ပန်းချီ လက်ရာများကို ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ၊ ဂျာမနီအစရှိတဲ့နိုင်ငံများမှ ၀ယ်ယူစုဆောင်းခြင်းခံရသူတဦးလည်းဖြစ်ပါတယ်။ ယခုရန်ကုန်မြို့မှာနေထိုင်လျက်ရှိပြီး အသက် ၈၅နှစ် အရွယ်ရှိပြီဖြစ်ပါတယ်။

Comments