အောင်ငြိမ်းချမ်း (Myanmar Now) ● ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများအားထုတ်ပေးမည့် NVC ကတ်တွင် ရိုဟင်ဂျာဟု ပါမည်မဟုတ်

အောင်ငြိမ်းချမ်း (Myanmar Now) ● ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများအားထုတ်ပေးမည့် NVC ကတ်တွင် ရိုဟင်ဂျာဟု ပါမည်မဟုတ်
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၈


ဘင်္ဂလားဒေ့ရှ် ဘက်အခြမ်းမှ ပြန်လာမည့် သူများအား ထုတ်ပေးမည့် NVC ကတ်တွင် ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကို ထည့်သွင်းမည်မဟုတ်ဟု မြန်မာအစိုးရအရာရှိများက ယမန်နေ့က ထပ်မံအတည်ပြု လိုက်သည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမငြိမ်မသက်မှုများကြောင့် နေရပ်စွန့်ခွာ သွားခဲ့ရသူများအား မြန်မာနိုင်ငံမှ နိုဝင်ဘာလလယ်တွင် ပြန်လည်လက်ခံမည်ဖြစ်ပြီး ယင်းသို့လက်ခံရာတွင် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက “ရိုဟင်ဂျာ” အမည် ဖော်ပြရေးကို အစဉ်တစိုက်တောင်းဆို ခဲ့ကြသည်။

“NVC ကတ်တွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီဟု ဖော်ပြမည်မဟုတ်” ဟု ယမန်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တွင်ပြုလုပ်သည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဌေးလှိုင်ကပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများကရေးသားကြသည်။

မြန်မာအစိုးရက စီစဉ်နေသည့် မြန်မာနိုင်ငံတွင်းနေထိုင်သူအားလုံးအား ၂၀၁၉ တွင် စမတ်ကတ် ထုတ်ပေးရေး စီမံချက်တွင်လည်း နိုင်ငံသား၊ အမည်၊ မွေးသက္ကရာဇ်နှင့် ID နံပါတ်သာပါဝင်မည်ဖြစ်ပြီး လူမျိုးအမည်များပါဝင်မည်မဟုတ်တော့ကြောင်း မြန်မာအစိုးရအရာရှိများကဆိုသည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်လက်ခံရေးအစီအစဉ်၏ ပထမခြေလှမ်းအဖြစ် လူ ၂၂၅၁ ကို တရက်လျှင် ၁၅၀ နှုန်းဖြင့် ရက်သတ္တပတ် ၂ ပတ်ကျော်ခန့်ကြာအောင်လက်ခံသွားရန် မြန်မာအစိုးရကစီစဉ်နေသည်။

ဒုတိယအသုတ်အဖြစ် လူ ၂၀၀၀ ကျော်ကို တောင်ပြိုလက်ဝဲကုန်းလမ်းကြောင်းမှ ခေါ်ယူသွားမည်ဖြစ်သည်။

၎င်းတို့သည် နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေနှင့် အညီ လျှောက်ထားနိုင်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူ စသည်တို့တွင် အမျိုးအစားအလိုက် ကိုက်ညီသည့် အထောက်အထား ရှိသူကို ဥပဒေအတိုင်းခွင့်ပြုပေးသွားမည်ဟု သမ္မတရုံးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် မြန်မာလုံခြုံရေးတပ်များ၏ ကင်းစခန်းများကို အာရကန်ရိုဟင်ဂျာ ကယ်တင် ရေးတပ်မတော် ( ARSA ) ၏တိုက်ခိုက်မှုကို မြန်မာတပ်ဖွဲ့များက လက်တုန့်ပြန်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့  လူသန်းဝက်ကျော် ထွက်ခွာသွားခဲ့ရသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

ပြန်လည်ဝင်ရောက်လာသူများအား ခေတ္တထားရှိမည့် စခန်းများ (ဓာတ်ပုံ - Prof Win Myat Aye FB)

Comments