ထက်ခေါင်လင်း/Myanmar Now - Reuters သတင်းထောက်များအမှု အယူခံတင်

Reuters သတင်းထောက်များအမှု အယူခံတင်
ခရိုင်ရုံးက ထောင် ၇ နှစ်စီ ချလိုက်သော အမှုကို ရန်ကုန်တိုင်းရုံးသို့ အယူခံလွှာ တင်သွင်းလိုက်ပြီ ဖြစ်သောကြောင့် သတင်းသမားများ ပြန်လွှတ်မည်ဟု ရှေ့နေက မျှော်လင့်နေသည်


ထက်ခေါင်လင်း/Myanmar Now
(မိုးမခ) နိုဝင်ဘာ ၅၊ ၂ဝ၁၈




ဇွန်လလယ်ပိုင်းက တရားရုံးတွင် တွေ့ရသော အထိန်းသိမ်းခံသတင်းသမား ကိုကျော်စိုးဦး (ဓာတ်ပုံ - ကေဇွန်နွေး/ Myanmar Now)

ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် Reuters သတင်းဌာန သတင်းထောက်နှစ်ဦး၏ အမှုအတွက် ရန်ကုန်တိုင်းတရားလွှတ်တော်သို့ ယနေ့ အယူခံတင်သွင်းလိုက်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

“အောက်ရုံးအမိန့်၊ စီရင်ချက်တွေကို အပေါ်ရုံးဘက်က သေသေချာချာ လေ့လာသုံးသပ် ဖတ်ရှုမယ် ဆိုရင်တော့ သူတို့လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်ကောင်း ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ အယူခံစတင်တာက ပြီးခဲ့တဲ့ အပတ် သောကြာနေ့ကတည်းက။ ဒါပေမယ့် အကျဉ်းဦးစီးဘက်က ပေးလိုက်တဲ့ စာရွက်တွေမှာ ပြည့်စုံမှုမရှိတာ၊ အမှားတွေ ဖြည့်ပေးလိုက်တာတွေ ပါခဲ့လို့ ဒီနေ့မှ တင်လိုက်နိုင်တယ်” ဟု သူက ဆိုသည်။

သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂ဝ၁၇ စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ အင်းဒင်ကျေးရွာမှ အမျိုးသား ၁ဝ ဦး သတ်ဖြတ်ခံရမှုကို စုံစမ်းထောက်လှမ်းနေစဉ်အတွင်း ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ထိုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က အဖမ်းခံခဲ့ရသည်။ နှစ်ပတ်အကြာထိ မိသားစုနှင့် ရှေ့နေများကို ဆက်သွယ်ခွင့်မရရှိခဲ့ပေ။

အဖမ်းခံလိုက်ရသည့်ညတွင်ပင် ၎င်းတို့ကို အောင်သပြေစစ်ကြောရေးစခန်းသို့ ရောက်သွားပြီး အစောပိုင်းရက်များတွင် အိပ်စက်ခွင့် မရဘဲ အဆက်မပြတ် စစ်ဆေးမေးမြန်းခံရကြောင်း၊ ကျော်စိုးဦးဆိုလျှင် နာရီပေါင်းများစွာ ဒူးထောက်အစစ်ခံခဲ့ရကြောင်း၊ ၎င်းတို့ကို စစ်ဆေးနေစဉ် အင်းဒင်ကျေးရွာနှင့် ပတ်သက်သည့် ဓာတ်ပုံကို ဖုန်းအတွင်းမှ တွေ့ရှိပြီးနောက်မှ စစ်ဆေးမှုများကို လျော့ပေါ့လာကြောင်း သတင်းထောက်များက တရားခွင်တွင် ထွက်ဆိုသည်။

ထို့အပြင် တရားလိုပြသက်သေတစ်ဦးဖြစ်သည့်၊ ရဲစည်းကမ်းဖောက်ဖျက်သည်ဟုဆိုပြီး ထောင်ဒဏ် တစ်နှစ် အပြစ်ပေးခံလိုက်ရသည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က ထိုသတင်းထောက်များကို ရဲတပ်ဖွဲ့က ထောက်ချောက်ဆင် ဖမ်းဆီးခဲ့သည်ဟု အသေးစိတ်ထွက်ဆိုခဲ့သည်။

တရားရုံးတွင် ထိုသို့ထွက်ဆိုသည့်နောက်နေ့တွင် ဒုရဲမှူးဟောင်း၏ မိသားစုသည် ရဲလိုင်းခန်းမှ အတင်း ဖယ်ရှားခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာလောကတွင် သြဇာကြီးမားခဲ့သည့် ဟံသာဝတီ ဦးဝင်းတင်ကို အစွဲပြုဖွဲ့စည်းထားသည့် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက သတင်းထောက်နှစ်ဦး၊ ဒုရဲမှူးဟောင်း မိုးရန်နိုင်တို့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကာ ဂုဏ်ပြုမှုများ ပြုလုပ်ခဲ့သည်။

သတင်းထောက် နှစ်ဦးသည် စက်တင်ဘာ လဆန်းတွင် ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များဥပဒေ ပုဒ်မ ၃ ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသည်။

Comments