ထိုက်နန္ဒာဝင်း/Myanmar Now - အစိုးရ မြေသိမ်းသည်ဟုဆိုကာ လွိုင်ကော်တွင် ဆန္ဒပြ

အစိုးရ မြေသိမ်းသည်ဟုဆိုကာ လွိုင်ကော်တွင် ဆန္ဒပြ
ထိုက်နန္ဒာဝင်း/Myanmar Now
(မိုးမခ) နိုဝင်ဘာ ၅၊ ၂ဝ၁၈


နိုဝင်ဘာ ၅ ရက်နေ့က လွိုင်ကော်တွင် ဆန္ဒပြနေကြသည့် မြို့ ခံများ ( ဓာတ်ပုံ - ခွန်သောမတ်စ် )

ကယားပြည်နယ် လွိုင်ကော်မြို့ မှ ဒေသခံ ၁ဝဝ ခန့်သည် ၄င်းတို့နေထိုင်သည့် ခြံဝန်းများအား သာသနာ့နယ်မြေ ပြုလုပ်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြည်နယ်အစိုးရက သိမ်းယူခဲ့ကြောင်း စွပ်စွဲခဲ့ပြီး အဆိုပါလုပ်ရပ်ကို ကန့်ကွက်ကြောင်း ယနေ့နံနက်ပိုင်းတွင် မြို့ တွင်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့  နန့်ဘော်ဝမ်ရပ်ကွက်၊မြကလပ်တောင်ခြမ်း အုပ်စု၉(က) ရှိ မြေဧရိယာ အချို့ ကို အများပိုင်သာသနာ့ နယ်မြေအဖြစ် အစိုးရကသတ်မှတ်ခဲ့ခြင်းကြောင့်အိမ်ခြေ ၁၅ဝ ခန့်သည် အဆိုပါဧရိယာအတွင်းမှ စွန့်ခွာသွားရဖွယ်ရှိကြောင်း ဆန္ဒပြသူများက Myanmar Now ကိုပြောသည်။

“ကျွန်တော်တို့ရဲ့အိုးအိမ်တွေကို ကျွန်တော်တို့ရဲ့  ချွေးနည်းစာနဲ့ တည်ဆောက်ထားခြင်းဖြစ်တယ်။လက်ရှိ မြေသိမ်းနေတဲ့ ပြသာနာမှာ အစိုးရက တာဝန်ယူမှု၊တာဝန်ခံမှုမရှိခြင်းကြောင့် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေရ ခြင်းဖြစ်ပါတယ်”ဟု ဒေသခံကိုအောင်နိုင်ဝင်းကပြောသည်။

ခန့်မှန်းဧရိယာ ဧက ၂ဝ ခန့်တွင်းတွင် ဆောက်လုပ်ထားသည့် အဆိုပါနေအိမ်များတွင် ၁၉၇၅ ဝန်းကျင်းကတည်းက နေထိုင်သူလာခဲ့ကြသူများလည်းရှိပြီး သာသနာ့နယ်မြေ သတ်မှတ်ကြောင်း အစိုးရက လွန်ခဲ့သည့် ၂ နှစ်က စတင်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြပြည်သူများက ပြောသည်။

၎င်းတို့သည် စက်တင်ဘာ ၂၃ ရက်ကလည်း ပထမအကြိမ် ဆန္ဒပြခဲ့ကြသည်။

“ပြည်သူက ရှိလို့ ဝယ်ကြတာမဟုတ်ဘူး။နေဖို့အိမ်တကွက်ကို မနည်းရှာထားရတာ။ဒါကို အစိုးရအနေနဲ့ ငဲ့ညှာသင့်တယ်။ ဒါကို အဆင်ပြေအောင်ဖြေရှင်းပေးရမှာ အစိုးရတာဝန်ဘဲ” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ခွန်သောမတ်စ် ကပြောသည်။

လက်ရှိ အချိန်တွင် နေရာများမှ ဖယ်ရှား ပေးရခြင်း မရှိသေးသော်လည်း ပြည်သူများအတွက် မည်သည့် အာမခံချက်မျှမရှိခြင်းကြောင့် အစိုးရအနေဖြင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးလာသည်အထိ ဆက်တိုက် ဆန္ဒပြ သွားမည်ဟု ၄င်းကပြောသည်။

အဆိုပါမြေ မြေအငြင်းပွားမှုနှင့် ပတ်သတ်ပြီး စက်တင်ဘာလအတွင်းက ပြည်နယ်အစိုးရ စီမံ/ဘဏ္ဍာဝန်ကြီး ဦးမော်မော် နှင့် ယင်းမြေနေရာတွင်နေထိုင်သူများ၏ ဦးဆောင်ကော်မတီဝင်များ တွေ့ဆုံခဲ့ကြသော်လည်း ပြေလည်မှုမရဟု ဦးဆောင်ကော်မတီဝင် ခူးကြူးဖဲကေး ကMyanmar Now ကိုပြောသည်။

“( ဝန်ကြီးက) မိုးတွင်းတောင် သနားလို့ ပေးနေတာပါ။မိုးကုန်ရင် ဖယ်ပေးရမယ် (လို့ပြောတယ်)” ဟု ၄င်းကပြောသည်။

Comments