အောင်ငြိမ်းချမ်း (Myanmar Now) ● ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများအား ရခိုင်ဒေသတစ်ခုတည်းတွင် စုပြုံမထားရန် ရခိုင်လက်နှက်ကိုင်အဖွဲ့တိုက်တွန်း

အောင်ငြိမ်းချမ်း (Myanmar Now) ● ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများအား ရခိုင်ဒေသတစ်ခုတည်းတွင် စုပြုံမထားရန် ရခိုင်လက်နှက်ကိုင်အဖွဲ့တိုက်တွန်း
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၈


ပြန်လာသူများအား မောင်တောဒေသ တစ်ခုထဲတွင် ထားရှိခြင်းက ပဋိပက္ခအချိန်မရွေး ဖြစ်လာနိုင်ဟု ALP က ယူဆနေသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများအား ရခိုင်ပြည်နယ်တစ်ခုတည်းတွင် ပိတ်လှောင်မထားဘဲ အခြားတိုင်းနှင့် ပြည်နယ်များ တွင်လည်း ဖြန့်ခွဲထားရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က အစိုးရကို ယနေ့တွင် ကြေညာချက်ထုတ်ပြီး တိုက်တွန်း လိုက်သည်။

“(ပြန်လာတဲ့သူတွေကို) မောင်တောဒေသ တစ်နေရာတည်းမှာ စုပြုံပြီးချထားမယ်ဆိုရင်တော့ အချိန်မရွေးပြဿနာဖြစ်နိုင် တယ်” ဟု ၁၉၆၇ ကတည်ထောင်ခဲ့သည့် မြန်မာ - အိန္ဒိယ နယ်စပ်အခြေစိုက် ရခိုင်လက်နှက်ကိုင်အဖွဲ့ ALA ၏ နိုင်ငံရေးပါတီ ဖြစ်သည့် ALP ၏ ပြန်ကြားရေးဌာန ရုံးအဖွဲ့မှူး ဦးခိုင်မြင့်ခိုင်က ပြောသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမငြိမ်မသက်မှုများကြောင့် နေရပ်စွန့်ခွာသွားခဲ့ရသူများအား မြန်မာနိုင်ငံမှ နိုဝင် ဘာလလယ်တွင် ပြန်လည်လက်ခံမည့်အစီအစဉ်ကို ယမန်နေ့က မြန်မာအစိုးရအရာရှိများက ထုတ်ဖော်ပြောပြီးနောက် ALP ကယင်းကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်လက်ခံရေးအစီအစဉ်၏ ပထမခြေလှမ်းအဖြစ် လူ ၂၂၅၁ ကို တရက်လျှင် ၁၅၀ နှုန်းဖြင့် ရက်သတ္တပတ် ၂ ပတ်ကျော်ခန့်ကြာအောင်လက်ခံသွားရန် မြန်မာအစိုးရကစီစဉ်နေသည်။

ဒုတိယအသုတ်အဖြစ် လူ ၂၀၀၀ ကျော်ကို တောင်ပြိုလက်ဝဲကုန်းလမ်းကြောင်းမှ ခေါ်ယူသွားမည်ဖြစ်သည်။

အတိတ်က ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများကိုထပ်မံမဖြစ်ပွားစေရန် ဒုက္ခသည်များနေရာချထားရေးတွင် အစိုးရအနေ ဖြင့် စနစ်တကျ တာဝန်ယူဆောင်ရွက်သင့်ကြောင်း ALP ပြောခွင့်ရအရာရှိကဆိုသည်။

ဒုက္ခသည်အရေးတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အပါအ၀င် အခြားရခိုင်နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ရခိုင် အထင်ကရပုဂ္ဂိုလ်များနှင့် ဆွေးနွေးတိုင်ပင်ရန် ALP အလိုရှိနေသည်။

နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးဆောင်ရွက်ရာတွင် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၏စိုးရိမ်မှုကို နား လည်ကြောင်းနှင့် အစီအစဉ်မစခင်မှပင် သက်ဆိုင်ရာပါတီခေါင်းဆောင်များ၊ ရခိုင်၊ မြို၊ သက်၊ ခမီ စသည့်အဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ကိုလည်း အလွတ်သဘောတွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် မြန်မာလုံခြုံရေးတပ်များ၏ ကင်းစခန်းများကို အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ၏တိုက်ခိုက်မှုကို မြန်မာတပ်ဖွဲ့များက လက်တုန့်ပြန်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူသန်းဝက်ကျော် ထွက်ခွာသွားခဲ့ရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားသည်။

ရခိုင်ပြည်နယ် သက်ကယ်ပြင်ဒုက္ခသည်စခန်းတွင် ၂၀၁၆ ကတွေ့ရသည့် ဒုက္ခသည်မိသားစု (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

Comments