ပန်းချီစိုးနိုင်ရဲ့“NOVEMBER” Exhibition တကိုယ်တော် ပန်းချီပြပွဲ နိုဝင်ဘာ ၂၁ရက်နေ့ ပြသမယ်



ပန်းချီစိုးနိုင်ရဲ့“NOVEMBER” Exhibition တကိုယ်တော် ပန်းချီပြပွဲ နိုဝင်ဘာ ၂၁ရက်နေ့ ပြသမယ်
K (မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၈


“NOVEMBER” Exhibitionလို့ အမည်ပေးထားတဲ့ ပန်းချီဆရာ စိုးနိုင်ရဲ့တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြိှု့နယ် အောင်ဆန်းကွင်းမြောက်ဘက်တိုက်တန်း အမှတ်၂၃ ရှိ Ok Art Gallery မှာ နိုဝင်ဘာ ၂၁ရက်မှ စတင်ကာ၂၂ရက်ထိ ပြပွဲရက်အတွင်း မနက် ၁၀နာရီကနေ ညနေ ၅ နာရီခွဲထိပြသသွားမယ်လို့သိရပါတယ်။

အဆိုပါ ပန်းချီပြပွဲမှာ ပန်းချီဆရာစိုးနိုင်ရဲ့မော်ဒန်စုတ်ချက်များနဲ့ရေးဆွဲထားတဲ့ ပန်းချီကားများကို ကြည့်ရှုရမှာဖြစ်ပြီး ပြပွဲနဲ့ပတ်သက်ပြီး ပန်းချီစိုးနိုင်က “လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ပန်းချီဆရာက ကျွန်တော့်ကို ပန်းချီမှာရပ်နေတယ်လို့ပြော။ ကျွန်တော်လည်း လေထဲမှာတော့ ခရီးတွင်၊ November ဟာရွေ့ရဲ့လား။”လို့ပြောဆိုထားပါတယ်။

ပန်းချီစိုးနိုင်ကို ၁၉၆၂ ခုမှာ မွေးဖွားခဲ့ပြီး ပန်းချီပညာရပ်များကို ရန်ကုန်တက္ကသိုလ်ပန်းချီသင်တန်း ဆရာကြီးဦးလွန်းကြွယ်ထံကနေ အခြေခံပန်းချီပညာကို သင်ယူခဲ့တယ်။ ၁၉၈ဝ ပြည့်နှစ်လွန်ကာလတွေမှာ ပန်းချီ ဦးအောင်မြင့်ထံမှ Abstract ပန်းချီကို ထပ်မံသင်ယူခဲ့ပါတယ်။ ပြည်ပပန်းချီဆရာများထဲက ဝီလျံ ဒီကူးနင်းနဲ့ လဂျက်ဆန်ပေါလော့ ကိုကြိုက်ပြီး ပြည်တွင်းပန်းချီပညာရှင်ထဲကတော့ ဆရာဗဂျီအောင်စိုးရဲ့ သွက်လက်တဲ့မျဉ်းတွေနဲ့ စိတ်ခံစားမှုကနေထွက်အံကျလာတဲ့ ပန်းချီရွှေအောင်သိမ်းရဲ့ဓားချက်တွေကို နှစ်သက်တယ် လို့ ဆိုပါတယ်။

သူဟာ ၁၉၉ဝ ပြည့်နှစ်လွန်ကာလတွေမှာ Abstract ကို အခြေခံပြီး အမျိုးအမည်တပ်မရတဲ့ လူလိုလိုသတ္တဝါလိုလို အကောင်ဆန်းလေးတွေကို အဓိကထားရေးဆွဲခဲ့တယ်။ ဒီ သတ္တ ဝါဆန်းလေးတွေဟာ သူ့ရဲ့ မသိစိတ်ကနေလာတဲ့ စိတ်ခံစားမှုတစ်ခုရဲ့လှုပ်ရှားမှုအကျိုဆက်အဖြစ်လည်း ရှုမြင်နိုင်ပါတယ်။ အဲဒီ သတ္တဝါဆန်းလေးတွေကို ပန်းချီနဲ့ ရေးရုံမကဘဲ တခါတရံမှာ ရွံနဲ့ ပြုလုပ်တတ်သလို တခါတရံမှာ စက္ကူကို ကတ်ကြေးနဲ့ ကိုက်ပြီး ဖန်တီးတတ်ပါသေးတယ်။

မြန်မာမော်ဒန်ပန်းချီမှာ စုတ်ချက်သက်သက်နဲ့ ဆွဲတဲ့ Pure Abstract လက်ရာကိုမှ သူ့ ရဲ့ ပုဂ္ဂလိကခံစားမှုဖြစ်တဲ့ သတ္တဝါဆန်းလေးတွေကို ပေါင်းစည်းဖန်တီးပြီးရေးဆွဲတဲ့ သူ့ရဲ့ ကိုယ်ပိုင်ဟန်ဟာ မြန်မာပန်းချီလောကမှာ ဘယ်သူနဲ့မှမတူတဲ့ ကိုယ်ပိုင်ဟန်အသစ်တစ်ခုလို့ သတ်မှတ်ညွှန်းဆိုခံရပါတယ်။

၂၀ဝ၃ ခုနှစ်မှာ NICA (Networking & Initiative for Culture & the Arts) က ပေးအပ်တဲ့ Artist in Residency ဆုကို ရရှိခဲ့ပါတယ်။ ပြည်တွင်း တကိုယ်တော်ပန်းချီပြပွဲပေါင်း ၂၀ ခန့်၊ ပြည်ပ ပန်းချီပြပွဲ ၆ ကြိမ် ပြသနိုင်ခဲ့ပြီး သူ့ရဲ့လက်ရာတချို့ကို ထင်ရှားတဲ့ ပြတိုက်နဲ့ ပြခန်းများက ဝယ်ယူစုဆောင်းထားတယ်လို့ သိရပါတယ်။

၂၀၁၇ခုနှစ်အတွင်းကလည်း ပန်းချီ၏စိုးနိုင်၊ Dancing အမည်ရှိ တကိုယ်တော်ပန်းချီပြပွဲများ ပြသခဲ့ပါတယ်။ စာနယ်ဇင်း သရုပ်ဖော်ပုံများ၊ စာအုပ်ဖုံးများကို မကြာခဏရေးဆွဲလေ့ ရှိပြီး ကဗျာဆရာ စေတနဲ့တွဲဖက်၍ ပန်းချီကဗျာစာအုပ်အဖြစ် လူလတ်တန်းစားနေ့စွဲများစာအုပ်ကို ၂၀၁၃ခုနှစ်မှာ ထုတ်ဝေထားပါတယ်။

Comments