ကျော်ဟုန်း - အိုး ... နိုဝင်ဘာ


ကျော်ဟုန်း - အိုး ... နိုဝင်ဘာ
 (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၈

 ကဗျာတွေ ငလျင်လှုပ်ကုန်ပြီ
တယောသံဟာ မလတ်ဆတ်တော့ဘူး
တယောတွေကိုယ်တိုင်က
ငလျင်စက်ကွင်းထဲမှာကိုး။

တွန့် ခေါက်လွှာတွေ
အကြိမ်ကြိမ်ဖြတ်ခဲ့တဲ့ ကဗျာ
ငလျင်ဒဏ်ခံရတာကိုက
ဘယ်ဘက်ရင်အုံကြီးအောက်က
နှလုံးသားရှိခဲ့တဲ့ အမှုကြောင့်တဲ့။

အေးချမ်းမြေ့ပါလေစ နိုဝင်ဘာ
ဆောင်းမပီတဲ့ နိုဝင်ဘာ
အဓမ္မ အပူလှိုင်း ၂ လှိုင်း
ဖြတ်ခံလိုက်ပေါ့ ငါတို့ကဗျာတွေ။

အေးလေ
လောကသားရဲ့ လောကဓံ
လောကဓံထဲက လောကအမှန်
ချစ်တတ်တဲ့ ကဗျာတွေအတွက်
အချစ်မငတ်တဲ့ နေရာသို့ သာ
ငြိမ်းချမ်းစွာ သွားနှင့်ကြပါတော့လေ။

ရှင်စဉ်မှာ
ကဗျာပီသခဲ့တဲ့ ကဗျာ
ရှင်စဉ်မှာ
လူပီသခဲ့တဲ့ လူ
ကဗျာလူတွေ တာဝန်ကျေခဲ့ပြီးပြီပဲ။

လွမ်းဆွတ်ရင်းနဲ့ လက်ပြ
လက်ပြရင်းနဲ့ လက်လွှဲယူ
ကဗျာမသေပါဘူး ဆရာတို့ရေ
ကဗျာမသေပါဘူး ကိုလူအိမ်
ကဗျာမသေပါဘူး ဆရာပွင့်ရေ ...

ဒါပေမယ့်
လွှတ်ခနဲ ထွက်မိတဲ့ အာမေဋိတ်
ငြိမ်သက်နေတဲ့ တယောကို ပုတ်နှိုး

အိုး နိုဝင်ဘာ
အိုး နိုဝင်ဘာ

ဒဏ်ရာပေါ် ဒဏ်ရာဆင့်
ရင့်စူးနင့် နေ့ ။ ။

ကျော်ဟုန်း
၂၀၁၈၁၁၂၉၃၀

Comments