အမ္ဗနဒီကျော်စွာ - ဝါးလုံးခေါင်းထဲမှာ သာတဲ့လ


အမ္ဗနဒီကျော်စွာ - ဝါးလုံးခေါင်းထဲမှာ သာတဲ့လ
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၈

နိုးစက်က တတီတီထမည်သဖြင့် နောက်ဆုံးပေါ် ဖဲမွေ့ယာပေါ်မှထကာ အညောင်းဆန့်လိုက်ပြီး အော်တိုမစ်တစ် ဝင်နေသော ပြည်တွင်းပြည်ပသတင်းများကို နားဆင်ရန် နာရီမှ ရီမုကွန်ထရိုးခလုပ်ကိုနှိပ်လိုက်သည်။အခြေအနေ အလွန်ကောင်းသည်။ ပြည်တွင်းမှာ ဘာတိုက်ပွဲမှမရှိတော့တာကြာပြီဖြစ်သောကြောင့် ပျင်းပျင်းရိရိရှိလှသည်။ သတင်းထူး သိပ်မရှိပေ။ကုတင်ဘေးမှ လျှပ်စစ်လှေကားပေါ်ခြေထောက်ချလိုက်သည်နှင့် စက်ရုပ်လက်တံများက ညအိပ်ဝတ်စုံလဲလိုက် တဘက်ကမ်းပေးလိုက် သွားတိုက်ဆေးထည့်ပြီး သွားတိုက်ပေးလိုက် ရေမြှုပ်တိုက်ပေးလိုက် ရေလောင်းပေးလိုက် ဆပ်ပြာ တိုက်ပေးလိုက် အားလုံး အော်တိုမစ်တစ်ချည်းသာဖြစ်သည်။

ရေချိုးပြီးတော့ရော မုန့်ကဖုတ်ပြီးသား ကင်ပြီးသား ယိုတွေသုတ်လိမ်းပြီးသား နံနက်စာစားတာကအစ အဝတ်လဲတာ အလယ် ဖိနပ်စီးတာအဆုံး ကုန်ကုန်ပြောရရင် အိမ်တံခါးပိတ်တာဖွင့်တာ ဝါယာရှော့ခ်မဖြစ်အောင် မီးမိန်းတွေချတာ ပိတ်တာ ဖွင့်တာအကုန် အော်တိုမစ်တစ်ဆစ်စတန်ချည်းသာဖြစ်သည်။ ဒါတောင် ပြည်ထောင်စုသမ္မတဝါးလုံးခေါင်း နိုင်ငံတော်ကြီးအတွင်းတွင် ကျွန်တော်က အဆင်းရဲဆုံးလူသား တစ်ယောက်ထက်မပိုပေ။

အိမ်ရှေ့ရောက်တော့ လမ်းပေါ်တွင်လူများရှင်းနေသည်။ ရှင်းနေတော့ပေမပေါ့ ကျွန်တော် အိပ်ရာထတာက ၆နာရီဆိုတော့ အနည်းငယ်နောက်ကျသွားလေပြီ။နံနက် လေးနာရီ ငါးနာရီဆိုလျှင် ရှိသမျှလူတွေ အားလုံးနီးပါးကား လမ်းလျှောက်ထွက်ကုန်ကြလေပြီ။ ဝါးလုံးခေါင်းနိုင်ငံသားတွေ အများစုမှာကား အလုပ် လုပ်စရာလိုအပ်သော နိုင်ငံသားများ မဟုတ်တော့ပေ။ ကလေးအစ ခွေးအဆုံး အားလုံးလိုလို ပညာတတ်လျှင်တတ် အာဏာရှိလျှင်ရှိ ဘာမျှမရှိ မတတ်လျှင်တောင် အနည်းဆုံးတော့ နှစ်ပေါင်းထောင်ချီ၍ စားမကုန်အောင် ထောက်ပံ့ ကျွေးမွေး ထားနိုင်သော ဘတ်ဂျက်ကို ထိန်းချုပ်ကိုင်တွယ်ကာ အစိုးရရှိမှန်းကိုပင် မသိအောင် အုပ်ချုပ်နိုင်သော ကောင်းမွန်စွာ စီမံ အုပ်ချုပ် ပေးနေသည့် အစိုးရကောင်းရှိသည်လေ။

နောက်ကျနေသည့်အတွက် ခပ်သုတ်သုတ်အပြေးကလေးလှမ်းကာ ကန်ပေါင်ဘက်သို့ဦးတည်ပြီး လမ်းလျှောက် ကာ အပြေးကလေးတစ်ပိုင်း သွားဦးမှဖြစ်မည်။ တော်ကြာ ထပ်ပြီးနောက်ကျလျှင် ဆိုင်ရှင်တွေကိုယ်တိုင် စားပွဲထိုး ပေးတဲ့ ရှားပါးလက်ဖက်ရည်ဆိုင်ကလေးမှာ လက်ဖက်ရည်သောက်ခွင့် ထပ်ပြီးဆုံးရှုံးသွားလျှင်ခက်မည်။ နောက်ကျတိုင်းလည်း စက်ရုပ်တွေ စားပွဲထိုးပေးတဲ့ ခပ်ပေါပေါဆိုင်တွေမှာ ထိုင်ခဲ့ရပေါင်းများခဲ့ပြီမဟုတ်လား။

ပြီးတော့ လက်ဖက်ရည်သောက်နောက်ကျရင် BUS ကားမှတ်တိုင်မှာ တန်းစီစောင့်ရပေဦးတော့မည်။ YBS ကလည်း ဟိုး အရင်လို လားလားမှ မဟုတ်တော့။ နှစ်ထပ်ကားတွေချည်းဖြစ်သည်။ ကားသက်တမ်းကိုလည်း တစ်နှစ်ပင် အကျော်မခံပဲ အနည်းငယ် အပြစ်အနာအဆာတွေ့ရုံမျှနှင့် အသစ်လဲဖြစ်သည်ချည်းဖြစ်သည်။ ကားများက အချိန်ပြည့် သပ်ရပ် သန့်ရှင်း တောက်ပြောင် လင်းလက်ကာ ဝင်းထလို့နေသည်။ ကားမှတ်တိုင်တစ်နေရာလျှင် ရပ်သည့်ကားနံပါတ်စဉ်များအတိုင်း ဂိတ်များလည်း အစဉ်အတိုင်းဖြစ်နေလေပြီ။ ကိုယ်စီးမယ့်ကားနံပါတ်ရှိသောဂိတ်မှာ တန်းစီရပ်နေမှရသည်။ အခြားသော ဂိတ်နံပါတ်များတွင် ရပ်မိပါက စီစီတီဗွီများက ဓါတ်ပုံရိုက်ကာ ဘဏ်ကအကောင့်ထဲမှ ဒဏ်ငွေကို ဖြတ်ပြီးသား ဖြစ်သွားပေလိမ့်မည်မှာ သေချာသည်။ ကားမှတ်တိုင်များ သည်ပင်လျှင် မိမိအိမ်ထက်သာသည်ချည်းဖြစ်သည်။ အမိုးက ဆိုလာပြားဖြင့်လုပ်ထားပြီး မှတ်တိုင်တစ်ခုလုံးက 3Dမျက်နှာကျက်များ နံရံများ ကြမ်းခင်းများချည်းဖြစ်သည်။ ထို 3Dများကား ရိုးရိုးမဟုတ် အင်တာနက် ကွန်ယက် ချိတ်ဆက်ပြီးသား Touch Screen ဘုတ်များချည်းသာဖြစ်သည်။ဖုန်းကိုင်စရာ မလိုတော့သော ငွေသားကိုင်စရာ ဘဏ်ကဒ်ကိုင်စရာ မလိုတော့သော ကမ္ဘာပေါ်မှ တစ်ခုတည်းသောနိုင်ငံဖြစ်နေလေပြီ။ လမ်းများပေါ်တွင်လည်း အမှိုက်ဆိုသည်မှာ မှန်ဘီလူးဖြင့်ရှာမှသာတွေ့နိုင်သော အရာဖြစ်နေလေပြီ။ အလွန်တာဝန်ကျေပွန် ပြီး စနစ်ကောင် များဖြင့် လည်ပတ်နေသော အမှိုက်သိမ်းဆစ်စတန်ကြီးကြောင့် အမှိုက်များကို တွေ့တာနှင့် သိမ်းသည့် ဖျက်ဆီးပေး သည့် လေဆာစက်ရုပ်စည်ပင်လုပ်သားများကို ကျေးဇူးတင်ရသည်။

လမ်းဘေးရေမြောင်းများအားလုံးမှာ အလှမွေးရွှေငါးများ တိုက်ငါးများ တန်ဖိုးကြီး ဈေးကြီးပါသည်ဆိုသော ငါးများဖြင့် ပနံရနေကြသည်။ ရေမြောင်နှင့်ပင်မတူတော့ပဲ ပြတိုက်များသဖွယ်ဖြစ်နေသဖြင့် ဆင်းရဲသော အိမ်နီးချင်းနိုင်ငံသား အလုပ်သမားများက အံ့သြမှင်သက်နေတတ်ကြသည်။ ပလက်ဖေါင်းများမှာလည်း မှန်ဘောင်များစီချယ်ထားသည့်အလား ဖြူနီကျားများမှာ ဆေးသားကောင်းလွန်းလှသည်မှာ 3Dနှင့် အမြင်မှားကြသည်။ နိုင်လွန်ကတ္တရာ လမ်းများမှာ ကောင်းလွန်း သောကြောင့် မောင်းသူမဲ့ကားများမှာ ဆင်ဆာခန့်မှန်းရခက်သည့်အတွက် ကာလမ်းများကို ချိုင့်ကွက်အလှများ တောင်ပို့ အလှကလေးများကို ရှေးမှုမပျက် ပြန်လည်ထိန်းသိမ်းကာ အတုဖန်တီးပေးထားရသေးသည်။ သို့သော် ယခုခေတ်တွင်ကား ကားကို လူအများ သိပ်မစီးကြတော့ပေ။ မောင်းသူမဲ့ကားစီးသူ မောင်းသူမဲ့လေယဉ်စီးသူများမှာ လူလတ်တန်းစားများ ဖြစ်ကြပြီး KFC ကြက်ကြော်စားသူ လိုင်းကားစီးသူ ရထားစီးသူများမှာ အောက်ခြေလူတန်းစားများဖြစ်ကြသည်။ လိုင်းကား ရထားဟု ဆိုသဖြင့် အရင်လိုထင်မှာစိုးရသည်။ အခုလိုင်းကားများမှာ အရင်ကလို မဟုတ်တော့ပေ YBSကို ထပ်မံ အဆင့်မြှင့်တင် လိုက်သော စီမံချက်တွင် ဒရိုင်ဘာများပါ လုံးဝမပါတော့ပေ။ ဝါးလုံးကောင်းနိုင်ငံတွင် အားလုံးလိုလို မောင်းသူမဲ့ ဖြစ်နေလေပြီ။ မောင်းသူမဲ့ လိုင်းကားသည်ပင်လျှင် အသံထက် ၅ဆမြန်နေလေပြီဖြစ်ရာ မောင်းသူမဲ့ ရထားမှာကား အလင်းထက် ၅ဆပိုမြန်နေသည်မှာ မည်မျှထူးဆန်းနိုင်ဦးမည်နည်း။

ဝါးလုံးခေါင်းနိုင်ငံတွင် မည်သည့်နေရာကိုပင်ကြည့်ကြည့် တန်းစီးစနစ်ဖြင့် နေထိုင်သွားလာသော စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဘိုးအေနိုင်ငံကြီးလည်း ဖြစ်နေလေပြီ။ တန်းစီပြီး စီတန်းစောင့်နေနိုင်ကြတာကိုလည်း မအံ့သြနှင့် ဝါးလုံးခေါင်းနိုင်ငံသားမှန်လျှင် ဘာအလုပ်မှ လုပ်စရာမလိုတော့အောင် ကျိကျိတက်ချမ်းသာ နေကြလေပြီ။ အလုပ်မလုပ်ပဲ ဘယ်လိုများ ချမ်းသာနေကြသတုန်းလို့ အတွေးမချော်လေနဲ့။ စီးပွားရေးအလုပ်မှန်သမျှ အစိုးရနဲ့ ဝန်ကြီးဌာနတွေက အားလုံးကို တာဝန် အပြည့်အဝယူပြီး အလုပ်သမားတွေကို နိုင်ငံခြားကချည်း ခေါ်ခန့်ထားတာ။ စာရင်းဇယားဘက်ကိုလည်း လှည့်ကြည့်စရာ မလို။ငွေ တစ်ပြားမှမလျော့။ ငွေတစ်ပြားဆိုတာ ကလည်း ယူရိုပေါင် တစ်ရာ အလိုက်ပေးရတဲ့ ငွေကြေးဆိုတော့ အစိုးရဝန်ထမ်းတွေမှာ တစ်ပြားနှစ်ပြားကိုဘယ်နှယ် အကွာအဟခံရဲကြလိမ့်မလဲလေ။

ဝါးလုံးခေါင်း နိုင်ငံသားမှန်ရင် အလုပ်မလုပ်ရ အလုပ်လုပ်လျှင် ထောင်ဒဏ် နှစ်သုံးဆယ်လို့တောင် အစိုးရက တရားဝင် ကြေငြာထားလေတော့ကာ ဘယ်နိုင်ငံသားက အလုပ်ထလုပ်ရဲပါတော့မလဲ။ ဝါးလုံးခေါင်း နိုင်ငံသားတွေ အလုပ် လုပ်ခြင်းဟာ နိုင်ငံတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှု နိုင်ငံတော်အကြည်ညိုပျက်စေမှု ကမ္ဘာ့အလည်တွင် သိက္ခာကျစေမှု စသည်ဖြင့် ပုဒ်မပေါင်းများစွာတပ်ပြီး တရားစွဲခံရမယ့်အရေးဖြစ်နေတော့ကာ ဝါးလုံးခေါင်း နိုင်ငံသားမှန်ရင် ဘယ်သူမှ အလုပ်အကြောင်း ပါးစပ်မဟရဲကြတော့။ ဝါးလုံးခေါင်း နိုင်ငံသားတွေအဖို့မှာတော့ ကမ္ဘာပတ်ပြီးအပမ်းဖြေမလား ကိုယ့်စိတ်ပါဝင်စားတဲ့ အနုပညာအလုပ်တွေ လိုက်ပြီးလုပ်နေမလား ကမ္ဘာပတ်ပြီး လောင်းကစားပတ်ဆော့မလား ပြည်တွင်းမှာ မဟုတ်ရင် ပြည်ပနိုင်ငံတွေသွားပြီး ကိုယ်ကြိုက်တာ ကိုယ့်စိတ်ကြိုက်သာ လုပ်ပါလေ။ အလုပ်မရှိရင် မနေတတ်သူတွေကတော့ ဆင်းရဲတဲ့ တရုတ်တို့ ဥရောပနိုင်ငံတွေတို့ သြတေးလျတို့ အမေရိကန်တို့ ဆွီဒင်တို့ နယူးဇီလန်တို့ နော်ဝေတို့မှာ သွားပြီး ဧက လေး ငါးဆယ်လောက် စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင် အသေးစား အလုပ်လေးတွေကို သွားရောက်လုပ်ကိုင်ခွင့်ကိုတော့ ဝါးလုံးခေါင်းနိုင်ငံ အစိုးရက ဆင်းရဲတဲ့နိုင်ငံတွေအကျိုးအတွက် ကူညီလုပ်ကိုင်ခွင့်ပေးထားလို့ ဖြေသာကြပါတယ်။

နောက်ဆုံး ဝါးလုံးခေါင်းနိုင်ငံသားတွေအနေနဲ့ လုပ်ခွင့်ရှိတာကတော့ လက်ဖက်ရည်ဆိုင်ထိုင် လေပေါစကားပြော ကျန်းမာရေးအတွက် အားကစားလုပ် တီထွင်စရာရှိတာတီထွင်ဖန်တီး လျှောက်လည် အပမ်းဖြေ ကမ်းခြေသွား ဘုရားစုံအောင်ဖူး စတော့ရှယ်ယာကစား ဒါမျိုးလေးတွေတော့ လုပ်လို့ရပါတယ်။ ကျန်းမာရေးအတွက်မဟုတ်ပဲ အခြား အလုပ်တစ်ခုခုလုပ်မိလို့ ချွေးစို့တာနဲ့ အစိုးရနဲ့ တိုက်ရိုက်တွေ့ပြီသာ အောင့်မေ့ပေတော့။ နောက်ဆုံးပြောရရင် ဝါးလုံးခေါင်း နိုင်ငံသားတွေ အလုပ်သာ မလုပ်ရတာပေမယ့် ပညာကတော့ အကုန်တတ်သည်။ မွေးရာပါဗီဇကိုက ပါလေရာ ငါးပိချက်ချက်လူမျိုးဆိုတော့လည်း သမ္မတလည်းကိုယ် လွှတ်တော်အမတ်လည်းကိုယ် သတင်းသမား လည်းကိုယ် ဓါတ်ပုံဆရာလည်းကိုယ် ပန်းချီဆရာလည်းကိုယ် စာရေးဆရာ ကဗျာဆရာလည်းကိုယ် ဆရာဝန်လည်း ကိုယ် အင်ဂျင်နီယာလည်းကိုယ် စသည်ဖြင့် အားလုံး အကုန်တတ်မြောက်ထားကြသည်။ ခက်တာက အလုပ်လုပ်ရန် မလိုအပ် သည့် နိုင်ငံမို့လို့သာ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ကြခြင်းဖြစ်သည်။

ဝါးလုံးခေါင်း နိုင်ငံသားတွေသည် အကုန်သိ အကုန်တတ် အကုန်နှံစပ်ကာ တော်သည့်တတ်သည့် လူမျိုး ဖြစ်သည် နှင့်အညီ ဘာဆို ဘာမကောင်းမှုမှလည်း မလုပ်ကြတော့ပေ ယုတ်စွအဆုံး အရက်စက်ရုံများမရှိတော့ ကွမ်းပင်များ မျိုးတုံးသွားသည် ဆေးရွက်ကြီးပင်ဆိုလျှင် ရှာလို့ပင်မရတော့သလို ဆေးခြောက်ပင်များ ဘိန်းစာပင်များ ဘိန်းပင်များ ဆိုသည်မှာ ပန်းချီကား လောက်သာ မြင်ဖူးကြတော့သည်။ခြင်ဆိုတာလည်း ကျောက်ဖြစ်ရုပ်ကြွင်းများသာ ရှိတော့သည်။ ယခင်က အနည်းငယ် တိုးတက်ခဲ့ဖူးသော တရုတ်နိုင်ငံ ထိုင်းနိုင်ငံ မလေးရှားနိုင်ငံ စင်္ကာပူနိုင်ငံတို့မှ နိုင်ငံသားများ အများစုမှာ ဝါးလုံးခေါင်းနိုင်ငံတွင် အများဆုံး အလုပ်များလာလုပ်နေကြရလေပြီ။ ဝါးလုံးခေါင်း နိုင်ငံ၏ ဂျီဒီပီဝင်ငွေမှာ ရေရောင်းခြင်း လေရောင်းခြင်း သဘာဝဓါတ်ငွေ့ရောင်းခြင်း အတွေးအခေါ်များရောင်းခြင်း အကြံအစည်များ စာချုပ်စာတမ်းများ အာမခံပေးခြင်း ပညာရှင်များကို အကူအညီလွှတ်ပေးခြင်း တီထွင်ဖန်တီး ထားသော နောက်ဆုံးပေါ်နည်းပညာများရောင်းခြင်းတို့ဖြင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးစံချိန်ကို ချိုးထားခဲ့နိုင်သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သည်။

နောက်ဆုံး ဝါးလုံးခေါင်းနိုင်ငံတွင် တစ်အုပ်လုံးတွင် တစ်ခုတည်းရှိသော ပုဒ်မနှင့် အခြေခံဥပဒေစာအုပ်ဖြင့် တင်းကျပ်စွာ ချုပ်ကိုင်ထားသော စည်းကမ်းချက်တစ်ခုမှာကား အခြားမဟုတ် “စစ်ရေးအမြင်မရှိသူများ နိုင်ငံရေး စီးပွားရေး တရားရေး နှင့် မီဒီယာလုပ်ငန်းများ” လုံးဝ မလုပ်ရ ဟူသတည်း။

အမ္ဗနဒီကျော်စွာ

Comments