မောင်လူပေ ● ခေတ်သစ်ချစ်တီး

မောင်လူပေ ● ခေတ်သစ်ချစ်တီး
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၈

ပြည်တွင်းစစ်မီးပြီးစ အလွန်ဆင်းရဲပြီး စီးပွားရေးအခြေခံလုံလောက်စွာမရှိတဲ့ သီရိလကာင်္နိုင်ငံကို ချစ်ကြည်ရေးဆိုပြီး အတိုး မြင့် အကြွေးတွေအများကြီးပေးတယ်။ ကမ္ဘာ့အဆင့်မှီ ပင်လယ်ဆိပ်ကမ်းကြီးဆောက်ပေးတယ်။ ဆောက်လုပ်ရေးလုပ်ငန်း တွေပြီးစီးတဲ့အခါမှ ဟန်ဘန်တိုလာ (Hambantota) အမည်ရတဲ့ ပင်လယ်ဆိပ်ကမ်းသစ်ကြီးကို အကြွေးမပေးနိုင်လို့ဆိုပြီး ခေတ်သစ်ချစ်တီးက သိမ်းခဲ့တယ်။ နှစ်တစ်ရာတိုင် သူတို့ပိုင်သတဲ့။

အာဖရိကရဲ့ ဆင်းရဲတွင်းနက်တဲ့ ဇမ်ဘီယာနိုင်ငံကို ဖွံ့ဖြိုးစေချင်တဲ့စေတနာနဲ့ ကူညီပါရစေဆိုပြီးသွားတယ်။ လျှပ်စစ်ဓါတ်အားဖွံ့ဖြိုးရေးစီမံကိန်း၊ ရေဒီယို၊ ရုပ်မြင်သံကြား စီမံကိန်းတွေ လုပ်ပေးတယ်။ ထုံးစံအတိုင်း အတိုးမြင့် ချေးငွေတွေနဲ့ပေါ့။  လုပ်ငန်းတွေအားလုံးပြီးစီးချိန်မှာတော့ ဇမ်ဘီယာအစိုးရပိုင် လျှပ်စစ်စွမ်းအားကုမ္ပဏီကြီးနဲ့ အမျိုးသားရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနတို့ဟာလည်း အကြွေးမပေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ခေတ်သစ်ချစ်တီးရဲ့ ထိန်းချုပ်ခံဘဝ ရောက်ခဲ့တာပဲ။ နှစ်တစ်ရာတိုင် သူတို့ပိုင်ပြီတဲ့။

အခုနောက်ဆုံး ခေတ်သစ်ချစ်တီးရဲ့ အကြွေးသိမ်းပိုက်ခံနိုင်ငံကတော့ အာဖရိကရဲ့ ဆင်းရဲမွဲတေနိုင်ငံတစ်ခုဖြစ်တဲ့ ကင်ညာ နိုင်ငံ။ အကျင့်ပျက်ခြစားမှုမှာ ထိပ်ဆုံးရောက်သလို နိုင်ငံထွက်ကုန်က မယ်မယ်ရရပြစရာမရှိ။ တောထဲက တိရိစ္ဆာန်တွေ ပြစားနေရတဲ့နိုင်ငံတစ်ခု။ ဒီနိုင်ငံကို ပိုးလမ်းမစီမံကိန်းကြီးအတွက်ဆိုပြီး ဝင်လာတယ်။ မီးရထားလမ်းတွေ ဆောက်ပေးဖို့ဆိုပြီး အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံကို ထုံးစံအတိုင်း အတိုးမြင့်ချေးတယ်။ ရထားလမ်းကွန်ယက်တွေဖေါ်ဆောင်တယ်။ ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်တယ်။ ပြီးတော့မှ ထုံးစံအတိုင်းပဲ အကြွေးမပေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့နိုင်ငံရဲ့ အကြီးဆုံးပင်လယ်ဆိပ်ကမ်းကြီးဖြစ်တဲ့ မွန်ဘာဆာဆိပ်ကမ်း (Mombasa port) ကြီးကို သိမ်းပါတယ်။ နှစ်တစ်ရာတိုင် သူတို့ပိုင်ပဲ ပေါ့။

ကဲ.. ခေတ်သစ်ချစ်တီးကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ရွှေပြည်ကြီးမှာလည်း အရင်စစ်အစိုးရအဆက်ဆက်က အလကားရသလို သဘောထားပြီး သူတို့ဆီက ချေးငှားသုံးစွဲသွားတဲ့ အတိုးမြင့်ချေးငွေတွေ မနည်းလှ။ အခုအစိုးရလက်ထက်မှာ ပြန်ဆပ်ရ တော့မယ်။ နောက်ထပ်လည်း ပိုးလမ်းမစီမံကိန်းအတွက် ရေနက်ဆိပ်ကမ်းတွေ၊ မီးရထားလမ်း၊ ကားလမ်းတွေ ဖေါက်ဖို့ရှိနေ တယ်၊ မြစ်ဆုံရေကာတာကိစ္စက တန်းလန်းကြီး၊ ကြေးနီစီမံကိန်းက ဆန္ဒပြကောင်းတုန်း။

အိမ်နည်းချင်းဖြစ်တဲ့ ခေတ်သစ်ချစ်တီးကြီးကို မချစ်သော်လည်း အောင့်ကာနမ်းရမှာတော့ အသေအချာ၊ အခြားနိုင်ငံတွေရဲ့ သင်ခန်းစာကိုယူပြီး ကိုယ့်နိုင်ငံရဲ့ဥပဒေသတွေနဲ့အညီ လုပ်ငန်းတွေကိုဆောင်ရွက်နိုင်အောင်ထိမ်းကြောင်း၊ ပြန်မပေးနိုင်မဲ့အကူအညီတွေကိုငြင်းပယ်နဲ့ ဆောင်ရွက်ပါမှ အဆင်ပြေကြလိမ့်မယ်။

ဆင်းရဲမွဲတေတဲ့နိုင်ငံတွေ၊ ပြန်မဆပ်နိုင်ဖို့သေချာတဲ့နိုင်ငံတွေကို ရွေးပြီးအကြွေးတွေပေးနေတဲ့ ခေတ်သစ်ချစ်တီးကြီးကို စေတနာရှင်ကြီး၊ မေတ္တာရှင်ကြီး၊ အဖေကြီးလို ဆက်ဆံနေကြရင်ဖြင့် အကြွေးနဲ့သိမ်းတဲ့အခါမှ မျက်ရည်မကျကြပါနဲ့လို့သာ မေတ္တာရပ်ပါတယ်။

ချစ်တဲ့
မောင်လူပေ

Comments