မြင့်အောင်သန့် - ချစ်သူ့လက်ဆောင်

mulpix.com
ချစ်သူ့လက်ဆောင်
 မြင့်အောင်သန့်
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၉

ဒီလက်ဆောင်အိတ်ကြီးအိမ်ပေါ်ကို
ရောက်လာတာဟာ မကောင်းဆိုးဝါးတကောင်ရောက်လာသလို
သူ့စိတ်ထဲလေးလံနေတယ်
လက်ဆောင်တွေကြည့်ရင်းအတိတ်ကအရိပ်တွေကို
ပြန်မြင်ယောင်နေတယ်
အရှင်လတ်လတ်မီးရှို့ခံရလို့အော်ဟစ်ညည်းတွားနေသူတွေ
သွေးအိုင်ထဲကရဟန်းရှင်လူအလောင်းတွေ
အချုပ်ကားထဲမှာအသက်ရှူကြပ်ပြီး
သေနေတဲ့အလောင်းတွေ
ခြေကျင်းသံကတချွင်ချွင်
ဒူးတွေတဆတ်ဆတ်တုန်ခါလို့
ရဲဘက်စခန်းအပို့ခံရမယ့်အကျဉ်းသားတွေ
ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့
သူရဲကောင်းတွေ
နောက်ဘက်ကတဂျစ်ဂျစ်နဲ့အသံကြားလို့လှည့်ကြည့်
လိုက်တော့လက်သီးဆုပ်လောက်ရှိတဲ့မြေကြွက်ကြီး
အမွေးတွေကထောင်ထနေတယ်မျက်လုံးကဝင်းဝင်း
တောက်ပြီးတခွီးခွီးနဲ့ရန်ထောင်နေတယ်.
သူ့ခါးကသော့တွဲနဲ့ထုတ်ရိုက်ပြီး လက်ဆောင်အိတ်ထဲကိုထည့်
ပြီးတော့လယ်ကွင်းထဲပစ်ဘို့ထွက်သွားတယ်
ညကပိန်းပိတ်အောင်မှောင်နေတယ်
အိတ်ကိုမြေကြီးပေါ်ချလိုက်တာနဲ့ကြွက်ပေါက်စလေးတွေ
လယ်ကွင်းထဲပြေးသွားကြတယ်
ကြက်သီးဖြန်းခနဲထသွားတယ်
တိုးရှဲတုန်ယင်လေသံတွေ
သီချင်းတစ်ပုဒ်ကိုဆို့ဆို့နင့်နင့်ကြေကွဲသီဆိုနေကြတာလား
တစ်ယောက်ယောက်ကိုအငြှိုးတကြီးကြိမ်းမောင်းဆဲဆိုနေတာလား
ဒီမိုကရေစီအရေးဆန္ဒပြတောင်းဆိုနေကြတာလား
အသံတွေကနီးလာလိုက်ဝေးသွားလိုက်
မြေကြီးပေါ်ချထားတဲ့အိတ်ကလည်းရှာလို့မတွေ့တော့
သူ့အိမ်ရှိရာခပ်သုတ်သုတ်ပြန်လျှောက်သွားတယ်
နံနက်မိုးသောက်ပြီ
တစ်အိမ်လုံးတိတ်ဆိတ်ငြိမ်သက်လျက်
အသက်ရှူသံပင်မကြားရတော့။

မြင့်အောင်သန့်
၃၀ ၁၂ ၂၀၁၈

Comments