စမ်းစမ်းတင် ● လက်


စမ်းစမ်းတင် ● လက်
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၉

ဒီလက်ဟာ
သမာအာဇီဝသာဖက်တွယ်
အဂတိတရားတွေပယ်

ဒီလက်ဟာ ကြမ်းရှဖုထစ် မပြေပြစ်လည်း
ဝါးလုံးရမ်းတဲ့ထဲတော့မပါ
လမ်းပေါ်ကနဲ့ အိမ်ကအမှိုက် ကျုံး
ပြန်သုံးသင့်ရင်သုံး
အလဟဿမဖြုန်း

ဒီလက်မျိုးဟာ
ပန်းအိုးပျိုးတတ်
ပန်းခက်သစ်ခက်မချိုးတတ်
အရိပ်မိုးအပင်
မသတ်ခဲ့တာအစဉ်

ဒီလက်ဟာ
နောက်ဘက်ကဓားနဲ့မထိုး
ရာဇဝတ်အိုးလည်း မတိုးတတ်
အရောင်လည်း မဆိုးတတ်

ဒီလက်နဲ့
ကဗျာဖွဲ့စာဖွဲ့
နွဲ့ချင်မှလည်းနွဲ့
သို့ပေမဲ့ ရင်ထဲကလာ

ဒီလက်ကိုသုံး
အမှိုက်ကျုံးလို့ ညစ်ထေးတဲ့အခါ
စင်အောင်ဆေး
ဆေးလို့မစင်တဲ့သွေး မစွန်း
အဆင်းမတွန်း
တခြားသူဘဝ မပွန်းပဲ့စေရ
ဒီလက်ရဲ့သင်္ကေတ

စမ်းစမ်းတင်
ဇန်နဝါရီ ၁၉၊ ၂၀၁၉

Comments