မောင်လူပေ - ၂၀၁၉ ဝက်နှစ်


မောင်လူပေ - ၂၀၁၉ ဝက်နှစ်

(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၉

မကြာခင်ကြရောက်တော့မဲ့ ၂၀၁၉ရဲ့ ဖေဖေါ်ဝါရီ ငါးရက်နေ့ဟာ ချိုင်းနိစ်ရိုးရာနှစ်သစ်ကူးနေ့ (Chinese New Year Day) ဖြစ်သလို ဝက်(Pig) နှစ်သစ်လည်းဖြစ်ပါတယ်။

ဝက်ဟာ နှစ်တွေကို ကိုယ်စားပြုတဲ့ ချိုင်းနိစ်ရိုးရာတိရိစ္ဆာန်အကောင်တွေထဲမှာ နောက်ဆုံးအကောင် ဖြစ်တယ်။ ရိုးရာပုံပြင်အဆိုအရ မိုးပေါ်ဘုရားဖြစ်တဲ့ ကျောက်စိမ်းမင်းကြီး(Jade Emperor)က သူ့ပါတီပွဲကို ရောက်လာတဲ့အကောင်တွေကို အစောဆုံးရောက်သူကစပြီး အစဉ်လိုက်သတ်မှတ်ပေးခဲ့ပါသတဲ့။ ဝက်ဟာ အိပ်တာများသွားတဲ့အတွက် (၁၂)ကောင်မြောက်အဖြစ်နဲ့ နောက်ဆုံးအကောင်ဖြစ်ခဲ့ရတယ်။ အခြားပုံပြင်တစ်ခုမှာတော့ မြေခွေးက သူ့အိမ်ကိုဖျက်လိုက်တဲ့အတွက် ပြန်ပြင်ဆောက်နေရလို့ အရောက်နောက်ကျခဲ့တယ်လို့ ဆိုတယ်။

(တရုတ်ရိုးရာအရ ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး ဝက် တို့ဟာ နှစ်တွေကို အစဉ်လိုက်ကိုယ်စားပြုတဲ့ သတ္တဝါကောင်တွေ ဖြစ်ပါတယ်။)

၂၀၁၉ရဲ့ ဝက်ဟာမြေဓါတ်နဲ့ပါတ်သက်တယ်။ ညအချိန် ၉နာရီကနေ ၁၁နာရီကြားအချိန်ဖြစ်တယ်။ ယင်နဲ့ယန်(Yin and Yang) နှစ်မျိုးအနက် ယင်(Yin) ဖြစ်တယ်။ ဝက်ဟာချိုင်းနိစ်တွေအတွက် ကြွယ်ဝခြင်းအဓိပ္ပါယ်ဖြစ်သလို၊ မျက်နှာဝဝကြီးနဲ့ နားရွက်ကြီးတွေကလည်း ကံကောင်းခြင်းသင်္ကေတတွေ ဖြစ်ပါသတဲ့။

တရုတ်ရိုးရာအရ ၁၉၃၅၊ ၁၉၄၇၊ ၁၉၅၉၊ ၁၉၇၁၊ ၁၉၈၃၊ ၁၉၉၅၊ ၂၀၀၇၊ ၂၀၁၉ မွေးဖွားသူတွေဟာ ဝက်နှစ်သမားတွေ ဖြစ်ကြတယ်။

ဝက်နှစ်သမားတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့အကျင့်

သူတို့က လူစုလူဝေးတွေမကြိုက်တတ်ပေမဲ့ အရှိအတိုင်း မြင်နိုင်သူတွေဖြစ်တယ်။ အပြောပဲရှိပြီးအလုပ်မဖြစ်တဲ့သူတွေနဲ့ဝက်နှစ်သမားတွေဟာ ဆန့်ကျင်ဖက်ပဲ။ စဉ်းစားတွေးခေါ်တတ်လို့ အကျိုးမဲ့မဖြုန်းတတ်ကြဘူး။ တစ်ခါတစ်လေ အပျော်မက်တတ်တာကတော့ ဘဝကိုပျော်အောင်နေတတ်သူတို့ထုံးစံပေါ့။ ပစ္စည်းမက်တတ်ကြပေမဲ့ အဲဒီစိတ်ကြောင့်ပဲ အလုပ်ကြိုးစားသူတွေ ဖြစ်လာကြတာ။ ပျင်းစရာကောင်းတဲ့အလုပ်ဖြစ်ပါစေ၊ သူတို့က ပျော်ရွှင်စွာနဲ့အားစိုက်လုပ်တတ်ကြတယ်။ အခြေအနေကောင်းကိုရအောင်ယူတတ်ကြတယ်။ အောင်မြင်တဲ့သူမှ ပြောပိုင်ခွင့်ရမယ်လို့ လက်ခံသလို အောင်မြင်မှုကိုလည်း ရအောင် ယူတဲ့လူမျိုးတွေပဲ။

ဝက်နှစ် အမျိုးသားများဟာ အမှန်တရားကိုမြတ်နိုးသလို ကြင်နာတတ်သူတွေဖြစ်တယ်။ အာရုံစူးစိုက်မှုအားကောင်းသူမို့ လိုချင်ပြီဆိုရင် နည်းမျိုးစုံနဲ့ရအောင်ယူတတ်တယ်။ ငွေနဲ့ပတ်သက်ရင်တော့ သိပ်ကံကောင်းသူမဟုတ်။ အခြားသူတစ်ယောက်အပေါ် အလွယ်ယုံတတ်လို့ အလိမ်ခံရပြီး ဆုံရှုံးမှုတွေ့တတ်တယ်။

အမျိုးသားများဟာ အေးဆေးစွာနေတတ်ကြတယ်။ သင်ယူမှုကိုနှစ်သက်ပေမဲ့ ကိုယ်သိလာတဲ့ အရာတွေကို စကားလုံးဖြစ်အောင် ပြောဆိုဖို့ထိ ရောက်မလာတတ်ဘူး။ စကားပြောကောင်းသူတွေမဟုတ်လို့ပဲ။ လူတိုင်းကို နွေးထွးမှုပေးတတ်သလို တစ်ယောက်ယောက် အခက်အခဲကြုံရင် ရှေ့ဆုံးကကူညီတတ်သူတွေလည်းဖြစ်တယ်။ ဒါကြောင့် အလိမ်ခံရတတ်သလို အများရဲ့ချစ်ခင်မှုကိုလည်း ရရှိတတ်ကြတယ်။

အမျိုးသမီးတွေကတော့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတတ်သူတွေပဲ။ လူမှုရေးပွဲမှန်သမျှကို ရောက်အောင်သွားတတ်ကြသလို လူတိုင်းကိုလည်း ခင်မင်စွာပေါင်းသင်းတတ်တယ်။ ပေါင်းသင်းရလွယ်သူတွေမို့ လူတွေရဲ့ယုံကြည်မှုကိုလည်း ရရှိတယ်။ အပျော်လွန်ပြီး စိတ်တွေလှုပ်ရှားမှုများတဲ့အခါတွေမှာ တပါးသူကို နေရာပေးဖို့တောင် မေ့တဲ့အထိ ဖြစ်တတ်တယ်။ ကြိုးစားရင် ကြိုးစားသလောက် ကံကောင်းသူတွေဖြစ်လို့ ကြွယ်ဝမှုတွေနဲ့ပြည့်စုံတယ်။ ကံကောင်းမှုကို အပြည့်အဝအသုံမချနိုင်သည့်တိုင် ဝင်ငွေတွေက အမြဲစီးဝင်နေတတ်ပါတယ်။ အိမ်ကိုသန့်ရှင်းသပ်ရပ်မှ နေတတ်ကြသလို ကလေးလည်းချစ်တတ်ကြတယ်။ ကလေးတွေနဲ့ကစားရတဲ့အချိန်ဟာ သူတို့ရဲ့ အပျော်ဆုံးအချိန်ပဲ။

အသင့်တော်ဆုံး

အသင့်တော်ဆုံးကတော့ ကျား၊ ယုန် နဲ့ ဆိတ် နှစ်တွေမှာ မွေးဖွားသူတွေဖြစ်တယ်။ ရဲရင့်တဲ့ကျားဟာ ဝက်ကို လုံခြုံမှုပေးနိုင်သလို၊ ဝက်ရဲ့ဉာဏ်ပညာနဲ့နွေးထွေးမှုက ယုန်ကိုဆွဲဆောင်စေမယ်။ ဝက်နဲ့ဆိတ်ကတော့ စိတ်တူကိုယ်တူ အတွေးတူကြလိမ့်မယ်။

သင့်တော်မှုအနည်းဆုံး
သင့်တော်မှုအနည်းဆုံးကတော့ မြွေ နဲ့ မျောက် နှစ်တွေမှာ မွေးဖွားသူတွေပဲ။ မြွေနဲ့ဝက်ဟာ ကိုယ်ရည်ကိုယ်သွေးမတူကြလို့ အမြဲလိုလို တိုက်ခိုက်နေတတ်ကြမယ်။ မသင့်တော်ဆုံးပဲ။ မျောက်ကလည်းဝက်နဲ့အတူတွဲလို့ မရတတ်ဘူး။ အမြဲလိုပဲ စောင်းမြောင်းနေတတ်တယ်။

ကံကောင်းစေမဲ့ အရာများ
ကံကောင်းစေမဲ့အရောင်က အဝါ၊ မီးခိုး နဲ့ အညိုရောင်။

ကံကောင်းစေမဲ့နံပါတ်က ၂၊ ၅၊ ၈။

ကံကောင်းစေမဲ့ ရတနာက မဟူရာ(Agate)

ထူးခြားမှုပေးမဲ့အရပ်က အရှေ့တောင် နဲ့ အရှေ့အရပ်။

ချမ်းသာစေမဲ့အရပ်က အရှေ့မြောက်အရပ်။

အချစ်တွေ့မဲ့အရပ်က မြောက်အရပ်။

ကံကောင်းစေမဲ့အချိန် ဧပြီ(၈)ရက်မှ ဂျူလိုင်(၂၀)ထိ

ကံမကောင်းစေမဲ့ အရာများ
ကံမကောင်းစေမဲ့အရောင်က အပြာနဲ့အစိမ်း။

ကံမကောင်းစေမဲ့ ဂဏန်းက ၁၊ ၇၊ ၉ ပါ။

ကံမကောင်းတတ်တဲ့အချိန် စက်တင်ဘာ(၁၂)မှ ဒီဇင်ဘာ (၂)ရက်ထိ

သင့်တော်မဲ့ အလုပ်အကိုင်

အပေါင်းအသင်းဆန့်တဲ့ ဝက်နှစ်သမားတွေအတွက် ရံပုံငွေရှာဖွေပွဲ၊လူမှုရေးပွဲတွေကို ဦးဆောင်တဲ့အလုပ်တွေ သင့်တော်တယ်။ နားလည်မှုရှိသလို သူများမှားရင် ပြင်ပေးတတ်သူတွေမို့ ကျောင်းဆရာအလုပ်နဲ့ နည်းပြအလုပ်တွေလည်း သင့်တော်တယ်။ စီးပွားရေးကို စိတ်ဝင်စားတဲ့ ဝက်နှစ်သမားများနဲ့ အိမ်ခြံမြေရောင်းဝယ်ရေးအလုပ်လည်း သင့်တော်ပါတယ်။

ကျန်းမာရေးနဲ့ လူမှုစရိုက်

ဝက်နှစ်မွေးသူတွေဟာ အများအားဖြင့် ကြံ့ခိုင်သန်စွမ်းသူတွေဖြစ်လို့ အင်အားကုန်ခမ်းတယ်ဆိုတာ မရှိသလောက်ပဲ။ ကျန်းမာရေးကောင်းမှုဟာ ဝက်နှစ်သမားတွေအတွက် ဂုဏ်ယူဖွယ်တစ်ခုလည်းဖြစ်တယ်။ ကျန်းမာရေးကောင်းတဲ့အတွက် အသေးအမွှားနာကျင်နေမကောင်းဖြစ်တာကို ဂရုမစိုက်တတ်ကြဘူး။ အသေးအမွှားကို ဂရုမစိုက်မိလို့ ရောဂါကြီးဖြစ်လာမှုတွေ ဖြစ်လာတတ်လို့ ဂရုပြုသင့်တယ်။ အမြဲအလုပ်များနေတတ်သူတွေဖြစ်လို့ သင့်တော်တဲ့အနားယူမှုလည်း ရှိသင့်တယ်။ ရာသီအကူးအပြောင်းကြောင့် ဝက်နှစ်သမားတွေ ဖျားနာတတ်သလို ကျန်းမာရေးနဲ့မညီတဲ့အစာတွေ စားမိလို့လည်း နာတာရှည်ဝေဒနာတွေ ဖြစ်လာတတ်တယ်။

ဝက်နှစ်သမားတွေဟာ ဘယ်သူ့ကိုမှဒုက္ခမပေးတတ်သူတွေမို့ အလုပ်ခွင်မှာ အဆင်ပြေတဲ့သူတွေ ဖြစ်ကြတယ်။ ကျန်းမာရေးကို ဂရုမစိုက်ကြသူတွေဖြစ်လို့ အချိန်မှန်စစ်ဆေးပေးခြင်း၊ ရောဂါအသေးအမွှားကို ဂရုစိုက်ပေးခြင်းတို့နဲ့ ပြည့်စုံရင် အမြဲကျန်းမာတဲ့ ဝက်နှစ်သမားတွေ ဖြစ်နေမှာပဲ။

ဝက်နှစ်မွေးသူတို့အတွက် ၂၀၁၉
ချိုင်းနိစ်ရိုးရာအရ ကိုယ်မွေးတဲ့အကောင်နှစ်ကို ပြန်ရောက်ရင် သတိပြုရပါတယ်။ ဒုက္ခတို့အန္တရာယ်တို့ တွေ့တတ်လို့ပါ။ ဝက်နှစ်သမားတွေအတွက်လည်း ထို့နည်းအတူပေါ့။ အရာရာကို အသစ်စဖို့ မကောင်းတဲ့နှစ်မို့ ရှိတာနဲ့ရောင့်ရဲ၊ ရတာနဲ့ တင်းတိမ်သင့်တဲ့နှစ်ပါ။ ယင်ယန်သဘောအရ အကောင်းအဆိုးဒွန်တွဲတဲ့အတွက် ကောင်းတာတွေ့ရင်ပျော်သလို မကောင်းတာတွေ့ရင်လည်း ဘဝသင်ခန်းစာယူနိုင်အောင် ကြိုးစားထားရမယ်။ ငွေဝင်များသလို ထွက်ငွေလည်းများမဲ့နှစ်မျိုးပါ။

ကံကောင်းခြင်းတွေများစေဖို့ ပျော်စရာကောင်းတဲ့ မင်္ဂလာဆောင်၊ မိသားစုတွေ့ဆုံပွဲစသည်တို့ကို များများတက်ရောက်သင့်တယ်။ စိတ်ညစ်စရာဖြစ်မဲ့ ဆေးရုံ၊ သင်္ချိုင်းတို့ကို ရှောင်သင့်တယ်။

အလုပ်အကိုင်
ဒီနှစ်အတွင်း အလုပ်အကိုင် အပြောင်းအလည်းမလုပ်သင့်သေး။ သည်းခံမှု၊ လက်တွေ့ကျကျစဉ်းစားမှုတွေမှာအခြေပြုပြီး ပြသနာကို ရင်ဆိုင်ရမယ်။ ပြသနာကိုထိပ်တိုက်တွေ့ရတဲ့အခါ နောင်အနာဂတ်အတွက် အတွေ့အကြုံကောင်းတွေဖြစ်အောင် ယူတတ်ရမယ်။ ဒီဝက်နှစ်ဟာ အခြားအကောင်နှစ်သမားတွေအတွက် ကံကောင်းခြင်းတွေ ဖြစ်စေမှာဖြစ်ပေမဲ့ ဝက်နှစ်မွေးသူတွေအတွက်တော့ ကံဆိုးမှုတွေ တွဲပါတတ်လို့ ဂရုစိုက်ပါ။ နောက်နှစ်မှာအောင်မြင်ဖို့ ဒီနှစ်မှာသင်ခန်းစာရတယ်လို့ မှတ်ယူပါ။ ဒါဆိုရင် ကံမကောင်းမှုက သိသိသာသာလွတ်မြောက်ပြီး နောင်နှစ်တွေမှာ ထိပ်တန်းရောက်စေပါလိမ့်မယ်။

ပညာရေး
ဝက်နှစ်သမားအတွက် ပညာရေးက အကျိုးပေးပါတယ်။ အဆင့်မြင့်ပညာရေးကို ရှာဖွေသူအတွက် နောင်အနာဂတ်မှာ အခွင့်အရေးကောင်းတွေ တွေ့စေမှာပါ။ ပျားရည်နဲ့ယင်ကောင်ဖမ်းတာဟာ အချဉ်ရည်နဲ့ဖမ်းတာထက် ပိုကောင်းသလို ကံကောင်းမှုအဆောင် ပျားရည်တွေရှိတဲ့ ဝက်နှစ်သမားတွေအတွက် အောင်မြင်မှုက မဝေးလှ။ ကျောင်းကဆရာတွေရဲ့ စောင့်ရှောက်မှုကြောင့်လည်း အဆင့်မြင့်မြင့်နဲ့ အောင်မြင်မှုရတတ်တယ်။

ကျန်းမာရေး
ဆိုးဝါးတဲ့ရောဂါတွေဖြစ်ဖို့ မရှိပေမဲ့ အသေးအမွှားရောဂါတွေဂရုစိုက်ပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ ကျန်းမာရေးအတွက် ထောက်ကူပေးမည့်အစာများ စားခြင်းတို့ဖြင့် ဂရုစိုက်ပါ။ ပို၍ကျန်းမာလာမည်။ စိတ်ပိုင်းဆိုင်ရာမှာတော့ စိတ်ရှုတ်ထွေးတတ်တဲ့အတွက် သူငယ်ချင်း၊ မိသားစုကို ကိုယ့်ရဲ့ခံစားချက်ကို နားလည်အောင် ပွင့်လင်းစွာပြောပြသင့်တယ်။ မထိမ်းချုပ်နိုင်ရင်တော့ တတ်သိနားလည်သူပညာရှင်တွေနဲ့တိုင်ပင်ပါ။

အချစ်ရေး
ဒီနှစ်ဟာ အချစ်ရေးအတွက် အကောင်းဆုံးနှစ် ဖြစ်မှာမဟုတ်။ အရင်က အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ချစ်သူအသစ်ထားဖို့ သေချာစဉ်းစားရမဲ့နှစ်ပဲ။ ချစ်သူရှိနေသူကလည်း ကိုယ့်ချစ်သူရဲ့လိုအပ်ချက်ကိုနားလည်စွာနဲ့ ဆက်ဆံပေးရမယ်။ သူ့ပြောစကားကို ဂရုစိုက်ပြီးနားထောင်ပေးရမယ်။ ကိုယ့်ခံစားချက်ကိုလည်း သူသိအောင် ပွင့်ပွင့်လင်းလင်း ပြောပြသင့်တယ်။ ဒါမှ အထင်မှားမှုတွေက လွတ်ကင်းနိုင်မယ်။

အကျဉ်းချုံးရရင်တော့ ဝက်နှစ်မှာမွေးကြသူတွေအတွက် ဒီနှစ်မှာ အခက်အခဲတွေများစွာ တွေ့နိုင်တဲ့အတွက် စိတ်ရှည်သည်းခံမှု၊ စည်းကမ်းသေဝပ်မှုတွေနဲ့ ကျော်လွှားရင်ဆိုင်ရင်း အောင်မြင်မှုတွေရတဲ့အထိ ကြိုးစားရမယ်။ ရည်တိုအခက်အခဲကို မမှုပဲ ရည်ရှည်မှာတွေ့လာမဲ့အောင်မြင်မှုအတွက် စိတ်ဓါတ်ကြံ့ခိုင်စွာနဲ့ ဖြတ်သန်းကြရမယ်လို့ ဆိုတယ်။

ဝက်နှစ်သစ်မှာ မြန်မာပြည်သူပြည်သား မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ချစ်တဲ့
မောင်လူပေ
ကိုးကား
https://chinesenewyear.net/zodiac/pig/

Comments