စိုးနောင် (မုံရွာ) ● လကြွေတဲ့ည


စိုးနောင် (မုံရွာ) ● လကြွေတဲ့ည
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၁၉

နောင်တသစ်ပင်ကြီးဟာ
သားပါ။

အမေ့အလောင်းဘေးမှာ
သားဟာ
မျက်ရည်ကျနေတာမဟုတ်ဘူး
ခမ်းခြောက်သွားတဲ့မေတ္တာမြစ်ကြီးဘေးမှာ
သားရဲ့
ဝင်းမှည့်နေတဲ့နောင်တသီးတွေကြွေကျနေတာ။

သားကို
ဗိုက်ထဲထည့်ခဲ့တာအတွက်
အမေပြန်ရတာက
သားရဲ့
ဘဝထဲမထည့်ခြင်းတဲ့လား။

သားအတွက်
မကြိုက်ပေမယ့်
အောင့်စားခဲ့တာတွေအတွက်
အမေပြန်ရတာက
မကြိုက်ပေမယ့်
အောင့်ပေါင်းရမယ့်ချွေးမတဲ့လား။

သားက
သားအိမ်နံရံကိုကန်ခဲ့တာအတွက်
အမေပြန်ရတာက
သားရဲ့
နှလုံးအိမ်နံရံကိုအကန်ခံရခြင်းလား။

ဆရာဝန်ရှားပြီး
သေခြင်းပေါတဲ့ခေတ်မှာ
ဆရာဝန်ကိုတွေ့အောင်ရှာခဲ့တာအတွက်
အမေပြန်ရတာက
ဆရာဝန်ပေါပြီး
သေခြင်းရှားတဲ့ခေတ်မှာ
သားရဲ့ဆရာဝန်ရှာမပေးခြင်းတဲ့လား။

သားအတွက်
အသက်နဲ့ငွေမနှမြောခဲ့တာအတွက်
အမေပြန်ရတာက
သားရဲ့
ငွေနှမြောခြင်းတဲ့လား။

အမေက
သားရဲ့ချေးသေးတွေကို
မရွံရှာခဲ့တာအတွက်
အမေပြန်ရတာက
သားရဲ့
အမေ့ချေးသေးတွေကို
ရွံရှာခြင်းတဲ့လား။

သားကို
ဖြူ စင်တဲ့အဝတ်တွေဆင်ခဲ့တာအတွက်
အမေပြန်ရတာက
သားရဲ့
ညစ်ပေနေတဲ့အဝတ်တွေဆင်ခြင်းတဲ့လား။

သားကို
ရေချိုးသနပ်ခါးလူးအနမ်းပေးခဲ့တာအတွက်
အမေပြန်ရတာက
ရေမချိုးသနပ်ခါးမရှိနမ်းသူမဲ့ပါးတဲ့လား။

သားလမ်းမလျှောက်နိုင်တော့ဖေးကူခဲ့တဲ့
နွေးထွေးတဲ့လက်တစ်စုံအတွက်
အမေပြန်ရတာက
အမေလမ်းမလျှောက်နိုင်တော့ဖေးကူနေတဲ့
အေးစက်တဲ့တောင်ဝှေးတဲ့လား။

သားကို
သီချင်းဆိုပြီးချော့သိပ်ခဲ့တာအတွက်
အမေပြန်ရတာက
သားရဲ့
အလိုမကျ သံတွေကြောင့်
အိပ်မရခြင်းတွေတဲ့လား။

သားကို
ဂရုစိုက်ခြင်းတွေပေးခဲ့တာအတွက်
အမေပြန်ရတာက
သားရဲ့
ဥပေက္ခာတွေတဲ့လား။

သားရဲ့ညတွေကို
ပုံပြင်ရနံ့တွေမွှေးစေခဲ့တာအတွက်
အမေပြန်ရတာက
အထီးကျန်နံ့တွေနံနေတဲ့ညတွေတဲ့လား။

သားကို
စာသင်ကျောင်းလိုက်ပို့ခဲ့တာအတွက်
အမေပြန်ရတာက
သားရဲ့
ဘုန်းကြီးကျောင်းလိုက်မပို့ခြင်းတဲ့လား။

သားကို
သင်ခန်းစာတွေဖတ်ပြခဲ့တာအတွက်
အမေပြန်ရတာက
သားရဲ့
တရားစာဖတ်မပြခြင်းတဲ့လား။

သားကို
ပညာတတ်ကြီးဖြစ်အောင်လုပ်ပေးခဲ့တာအတွက်
အမေပြန်ရတာက
သားရဲ့
ကလေးထိန်းထမင်းချက်အဝတ်လျှော်အလုပ်တဲ့လား။

အမေက
သားကိုအခုမှပစ်ထားခဲ့တာ
သားက
အမေ့ကိုပစ်ထားခဲ့တာ
ကြာခဲ့ပါပြီ
တကယ်ကို ကြာခဲ့ပါပြီ။

အမေက
ဆေးလိပ်မသောက်ဖို့ဆုံးမခဲ့တယ်
သားက
အမေ့ဆုံမစကားကို
ဆေးလိပ်ထဲထည့်သောက်ခဲ့တယ်။

အမေက
အရက်မသောက်ဖို့
မျက်ရည်ကျ ပြီးတောင်းပန်ခဲ့တယ်
သားက
အမေ့မျက်ရည်တွေကို
အရက်ထဲရောသောက်ခဲ့တယ်။

သားက
အမေ့ကျေးဇူးတရားတွေကိုမဆန်ခဲ့ဘဲ
အမေ့ဆုံးမစကားတွေကိုဆန်ခဲ့တဲ့
သားမိုက်တစ်ယောက်ပါ။

လိုသလောက်အလွယ်တကူရနေတော့
လေကိုတန်ဖိုးရှိတယ်မထင်သလို
ရေကိုတန်ဖိုးရှိတယ်မထင်သလို
မေတ္တာကိုတန်ဖိုးရှိတယ်မထင်ခဲ့တဲ့
ပညာတတ်လူမိုက်ကြီးဟာ
အမေ့သားပါ။

သားက
ကမ္ဘာဆိုရင်
အမေက
သားကိုအရိပ်တကြည့်ကြည့်ပတ်နေတဲ့လ။

သားဘဝမှာ
အမေမရှိတော့တာဟာ
သားကမ္ဘာမှာ
လမရှိတော့တာ။

သားရဲ့အမေ
သေဆုံးသွားတာဟာ
သားကမ္ဘာရဲ့လ
ကြွေကျသွားတာ။

သားကမ္ဘာရဲ့
အမိုက်မှောင်ညတွေဟာ
အမေ့မေတ္တာတွေနဲ့လင်းထိန်ခဲ့ဖူးတယ်ဆိုတာ
အခုတော့...
အခုတော့...
အခုတော့...
အမေပြောပြခဲ့ဖူးတဲ့ပုံပြင်တွေပမာ။       ။

စိုးနောင် (မုံရွာ)

Comments