ကမ်လူဝေး
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၉
သိုးတွေဟာ ခြံခတ် ပိတ်ခံထားရ
မြေခွေးတွေ အန္တရာယ် ကာကွယ်ဖို့လို့
သိုးမွှေးညှပ်ရောင်းသူ ခြံရှင်ကဆိုတယ်။
လွတ်လပ်တဲ့ကွင်းပြင်မှာ
လွတ်လွတ်လပ်လပ်ပြေးလွား မြက်စားဖို့
ခြံတံတိုင်းကို သိုးတချို့က ချိုးလိုက်ကြတယ်။
ကျေးဇူးကန်းသူသိုးဆိုးများလို့ 
ခြံရှင်သူဌေးက ဆိုတယ်
သိုးဆိုးများကို အပြုတ်ဖြုတ်ဖို့
သိုးသတ်သမားတွေကို ကားနဲ့ပို့လိုက်လေရဲ့။
သိုးမွှေးရောင်းရငွေနဲ့
ဝယ်ထားတဲ့ ကားနဲ့သိုးသတ်သမားတွေဟာ
သိုးဆိုးတွေကိုနှိမ်နှင်းဖို့  လာနေကြပြီ။
သိုးတွေဟာ ဥာဏ်နည်းလွန်းတယ်လို့
နွားခြံထဲကနွားတွေက ဆိုတယ်
ကြက်ခြံထဲကကြက်တွေကတော့
သိုးဆိုးတွေကိုအပြတ်ရှင်းလို့  ဝိုင်းအော်ကြရဲ့။
မွေးမြူရေးခြံကြီးမှာ
အသံတွေဆူဆူညံညံထွက်နေတယ်
ခြံရှင်ဟာ
ကြက်ကြော်စားပြီး နွားနို့ခွက်ကိုမော့သောက်လို က်တယ်
ပြီးတော့
သိုးမွှေး အင်္ကျီကိုဝတ်ပြီး အိပ်ရာဝင်သွားလေရဲ့။ ။
Comments