မုဒိတာ(တောင်သာ) - FB ဖေ့ဘုတ်နဲ့ မျက်နှာသစ်ကြသူများ

FB ဖေ့ဘုတ်နဲ့ မျက်နှာသစ်ကြသူများ
မုဒိတာ(တောင်သာ)
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၁၉
ယနေ့ခေတ်မှာ လူမှုရေးစာမျက်နှာဆိုသော(FB ဖေ့ဘုတ်) ကလူတိုင်းလူတိုင်းသုံးစွဲကြသလို၊ လူတိုင်းလူတိုင်းရဲ့ ဘဝ အခန်းကဏ္ဍတွေမှာ အရာဝင်လာတာကိုတွေ့ ရတယ်။ အဲ့လိုအရာဝင်လာသလို fb ကနေ တယောက်ကို တယောက် ဘယ်လောက်ချစ်ကြောင်း သတိရကြောင်းစာတွေအပြန်အလှန်ပို့ရင်းက ရင်းနှီးမှုတွေတိုးလာတာရှိကြသလို မုန်းလို့ စိတ်ဆိုးလို့ဆိုပြီး ရေးထားတဲ့ အမုန်းပွားစာတွေကိုလည်း မကြာခဏတွေ့ နေရတယ်။
ကျွန်မကိုယ်တိုင်လည်း ၂၀၁၅ ခုနှစ် ၃ လပိုင်းလောက်ကစပြီး fb စတင်သုံးစွဲခဲ့သူ။ fb ကိုစိတ်ညစ်စရာတွေများနေလို့ ဖွင့်ပြောရမယ့်သူမရှိရင် ရင်ဖွင့်လို့ရတဲ့သူငယ်ချင်းဆိုပြီး ယူဆကာ စတင်သုံးစွဲခဲ့တာ။ fb က တကယ်တော့ ရင်ဖွင့်လို့ ရတဲ့မိတ်ဆွေဆိုတာမှန်ပေမယ့် အကြောင်းအရာတိုင်းမဟုတ်ဘူးဆိုတာတော့ သုံးလာတဲ့သက်တမ်း ၃ နှစ်ကျော် အတွင်းမှာ သိလာပါပြီ။
ပြောချင်တာက နေ့တစ်နေ့ရဲ့အစ ရောင်ခြည်သန်းတဲ့အချိန်မှာ fb နှင့်မျက်နှစ်သစ်ဖြစ်နေကြတာကိုပြောချင်တာပါ။ နေ့ရက်တစ်ရက်ဆိုတာ တန်ဖိုးရှိသောအချိန်ကို စလိုက်တာပဲ။ ဒါဖြင့် နေ့ရက်တစ်ရက်က ကျွန်မတို့ကို ဘာတွေများ အကျိုးပြုသလဲ၊ ကောင်းတာလုပ်ရင် ကောင်းတာတွေကိုအကျိုးပြုသလို၊ မကောင်းတာလုပ် ရင်မကောင်းတာတွေ ကိုပဲ အကျိုးဖြစ်စေမှာပေါ့။
ကောင်းတာတွေလုပ်ဖို့ကောင်းတဲ့အတွေးတွေက နေရာယူနေရမှာပေါ့။ ခုတော့ နံနက်နိုးလာတာနဲ့ အိပ်ရာဘေးက လက်တစ်ဖဝါးစာလက်ကိုင်ဖုန်းလေးကိုအရင်ကောက်ကိုင်ပြီး အားရပါးရပွတ်နေကြတာ။ ဖုန်းလေးကိုပွတ်ကောင်း တိုင်း ပွတ်နေတော့လုပ်စရာရှိတဲ့ အလုပ်တွေကိုမေ့လျော့လာပြီပေါ့။ လူမူရေးစာမျက်နှာတွေထက်မှာ စိတ်တိုစရာ၊ ဝမ်းနည်းစရာတွေပါလာခဲ့မယ်ဆို နံနက်ခင်းတခုကိုစတင်တဲ့စိတ်က တွေဝေမိန်းမောပြီပေါ့။ တက်ကြွလန်းဆန်းတယ်ဆိုတာ ဘယ်မှာရှာတွေ့ တော့မလဲ။
ကျွန်မတွေးကြည့်မိတာပေါ့။ ငယ်ငယ်ကလက်ကိုင်ဖုန်းတွေခေတ်မစားသေးတဲ့အချိန်တွေကဆို မျက်စိနှစ်လုံး ပွင့်တာ နဲ့ မျက်နှာသစ်၊ သွားတိုက်လုပ်ကြတယ်။ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ဘုရားသောက်တော်ရေကပ်၊ ဘုရားဆွမ်း တော်ပန်းကန်တွေဆေးကြော၊ အမေ့ကိုကူစရာရှိတာကူပြီး ကျုရှင်သွားအဲ့လိုနဲ့ နေ့တစ်နေ့ကိုစခဲ့ကြတာ။
ခုတော့ ၁၀ တန်းကျောင်းသူကအစ အမေ၊ အဖေ့လက်ကိုင်ဖုန်းကိုဘယ်ချိန်ခိုးပြီးသုံးရင်ကောင်းမလဲ ဘယ်အလစ်မှာ ချောင်းသုံးရမလဲဆိုတဲ့ စိတ်တွေနဲ့နိုးလာကြတယ်။
၁၀ တန်းကျောင်းသူကျောင်းသားလူငယ်တွေက လက်ကိုင်ဖုန်းကိုကိုယ်ပိုင်သုံးခွင့်မရှိကြတဲ့သူတွေမို့ ကိုယ်ပိုင်သုံးခွင့် ရတဲ့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေက ပိုဆိုး။ နိုးလာတာနဲ့ အိပ်ရာဘေးနားကလက်ကိုင်ဖုန်းကိုမကိုင်သူဆိုတာခပ်ရှား ရှား။ မျက်နှာကဘယ်ချိန်သစ်သစ် fb ကြည့်ရဖို့ က အဓိက။ fb နဲ့ မျက်နှာသစ်ကြသူတွေထဲမှာ ရိုးသားစွာဝန်ခံရရင် ကျွန်မလည်း ပါပါတယ်။
တခါတရံတွေးကြည့်မိတယ်။ တို့လူသားတွေက ခေတ်စနစ်ရဲ့သားကောင်ဖြစ်နေပြီလား၊ ခေတ်စနစ်ရဲ့ သားကောင် အဖြစ်မခံလို့ ရောရလားပေါ့။ ရတာပေါ့။ ဒါပေမဲ့ ကျွန်မတို့ အများစုက ခေတ်စနစ်ရဲ့ရေစီးကြောင်းမှာ အသာစီးမျှော ချင်ကြတဲ့သူတွေကိုး။ တနည်းအားဖြင့် ပေါ့ပေါ့နေပေါ့ပေါ့စားစိတ်တွေ ထည့်ထားကြသူတွေပေါ့။
မိတ်ဆွေတို့ရေ... fb နဲ့မျက်နှာသစ်ဖြစ်တဲ့နေ့နဲ့ အခြားလုပ်စရာရှိတာတွေလုပ်ပြီး မျက်နှာသစ်ဖြစ်တဲ့နေ့တွေ မတူတာ ကိုတွေ့ ဖူးကြမှာပါ။ fb နဲ့မျက်နှာသစ်ဖြစ်တဲ့နေ့တွေဆို လူကလုပ်ငန်းခွင်၊ အလုပ်ထဲစိတ်မပါသလိုလို၊ တခုခုကပဲ ဆွဲ ဆောင်နေသလိုလို မလန်းဆန်းဘူး။ လုပ်စရာရှိတာတွေလုပ်ပြီး မျက်နှာသစ်ဖြစ်တဲ့နေ့တွေမှာဆို လူက လန်းဆန်း တက်ကြွ၊ အလုပ်တွေတခုပြီးတခုတိုးတော့ ယုံကြည်မှုအပြည့်ရှိတဲ့ သန်စွမ်းတဲ့စိတ်တွေနဲ့ပေါ့ပေါ့ပါးပါးဖြတ်သန်းကြရ တယ်။ ဘယ်လောက်တောင်ကွာခြားသွားလိုက်သလဲ။
မင်္ဂလာရှိတဲ့နံနက်ခင်းဖြစ်ဖို့ ဘုရားစာတွေကို အာပြဲကြီးနဲ့ရွတ်နေမှ ဖြစ်တာမဟုတ်ပါဘူး၊ လုပ်စရာရှိတာလုပ်ပြီး ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်တွေကိုအာရုံပြုနေမယ်ဆိုလည်း မင်္ဂလာရှိတဲ့နံနက်ခင်းဖြစ်စေပါတယ်။ fb နဲ့ မျက် နှာသစ်ကြသူအများစုဟာ အလုပ်ကိုမပြီးကြ၊ မရွှင်လန်းမတက်ကြွဘဲဖြစ်သလို မင်္ဂလာဆိုတဲ့အဓိပ္ပာယ်နဲ့လည်း ကင်း ဝေးစေပါတယ်။
ပူလောင်မှု၊ ဝမ်းနည်းမှုလောက်ကူးစက်မြန်တာမရှိဘူးတဲ့။ ဒါ့ကြောင့် fb ပေါ်က ပူလောင်မှု၊ ဝမ်းနည်းမှုတွေနဲ့ နံနက် ခင်းတခုရဲ့ ရောင်ခြည်၊ အလှတွေကို မဖျက်ဆီးပါနဲ့ ။မသုံးရဘူးလို့ မပြောဘူးနော်။ သုံးပါဒါပေမဲ့ fb ဆိုတာ သုံးလွန်း ရင် လူကိုဘေးဖြစ်စေတယ်ဆိုတာကိုလည်း သတိထားစေချင်တာပါ။ အချို့ ကပြန်မေးမယ်။ fb နဲ့ မျက်နှာသစ်တိုင်း မင်္ဂလာမရှိဘူးလွှိုဘာလို့ ပြောလဲဆိုပြီပေါ့။
အဖြေကတမျိုးပဲရှိပါတယ်။ နံနက်ခင်းရဲ့အလှ၊ ရောင်ချည်တွေကို အပြည့်အဝမခံစားရမှာစိုးလို့ပါ။ fb နဲ့ မျက်နှာသစ် နေမယ့်အစား လုပ်စရာရှိတာလုပ် လုပ်စရာမရှိဘူးဆိုလည်း လမ်းလျှောက်ရင်း နံနက်ခင်း၏တေးသံသာဖြစ်တဲ့ နံနက် ခင်းငှက်လေးတွေရဲ အသံလေးကိုနားထောင်ကြည့်လိုက်ပေါ့။ စိတ်ထဲဘယ်လောက်ကြည်နူးစရာ ကောင်းလိုက်မလဲ။
ဘ၀ဟာတိုတိုလေးပါ။ လူဖြစ်သခိုက် လူပီသအောင်သဘာဝအလှတရားတွေကိုအားပါးတရ ခံစားကြည့်ကြစမ်းပါ။ သဘာဝအလှတွေက လူတွေကိုစိတ်ကြည်နူးစေတယ်။ ကြည်နူးမှုတခု သက်ဝင်ခံစားဖို့ခံစားတတ်တဲ့ နှလုံးသားရှိဖို့ လည်း လိုတယ်။ နှလုံးသားထဲမှာ မကောင်းတာတွေပဲ အောင်းနေမယ်ဆိုလည်း ကြည်နူးမှုတွေက နေရာယူနိုင်မှာ မဟုတ်ပြန်ဘူး။ ဒါ့ကြောင့် ဗလာကျင်းထားတဲ့ လွတ်လပ်တဲ့စိတ်နဲ့ သဘာဝတရားတွေကို ရရှိခံစားပါ။ အလွန်အင်မတန်တန်ဖိုးရှိတာတွေ သင်တွေ့မှာပါ။
နိဂုံးချုပ်အနေနဲ့ပြောရရင် နံနက်ခင်းဆိုတာ နေ့တစ်နေ့ရဲ့အစ၊ ဘဝရဲ့ ရောင်ခြည်သန်းတဲ့အစဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် ရောင်ခြည်တွေကို အရယူ ဘဝမီးအိမ်တွေကို ထွန်းလင်းစေဖို့ fb ဆိုတဲ့ ရှုပ်ထွေးစေတဲ့ လက်တဝါးစာမြင် ကွင်းကို သယ်မလာပါနဲ့။ လုပ်စရာရှိတာတွေကို တရစပ်လုပ်ပြီးမှ fb ကိုသုံးကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ။
မုဒိတာ (တောင်သာ)

Comments