ဦးကိုနီကိုလုပ်ကြံခြင်းသည် NLD၏ နိုင်ငံရေးလမ်းကြောင်းကိုဖျက်ဆီးခြင်းဟုပါတီကပြော


ဦးကိုနီကိုလုပ်ကြံခြင်းသည် NLD၏ နိုင်ငံရေးလမ်းကြောင်းကိုဖျက်ဆီးခြင်းဟုပါတီကပြော
ဖြိုးသီဟချို (Myanmar NOW) မိုးမခ၊ ဇန်န၀ါရီ ၃၀၊ ၂၀၁၉

တရားလွှတ်တော်ရှေ့နေဦးကိုနီကိုလုပ်ကြံခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကသွားနေသည့် နိုင်ငံရေးလမ်းကြောင်းကိုပျက်ပြားအောင်လုပ်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောသည်။

ဇန်နဝါရီ ၂၉ ရက်ဒီနေ့ တရားလွှတ်တော်ရှေ့နေဦးကိုနီနှင့်အငှားယာဉ်မောင်းကိုနေဝင်း တို့ ရန်ကုန်လေဆိပ်သေနတ်သမားကြည်လင်းလုပ်ကြံမှုနဲ့ ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့ရွှေဂုံတိုင် တော်ဝင်နှင်းဆီခမ်းမမှာပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဦးကိုနီသည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တက်တက်ကြွကြွဖြင့် လိုက်လံစည်းရုံးဟောပြောနေသူဖြစ်ပြီး အဆိုပါဥပဒေ၏ ချို့ယွင်းချက် အားနည်းချက်များကိုလည်း သိရှိနှံ့စပ်သူအဖြစ်လူသိများသည်။

၎င်းနောက်ပိုင်းအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး အသံတိတ်သွားခဲ့ပြီး ဦးကိုနီလုပ်ကြံခံရပြီး ၂ နှစ်ပြည့်သည့်နေ့တွင် ၄င်းပါတီက အခြေခံဥပဒေပြင်ဆင်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပေးရန် ပြည်ထောင်စုလွှတ်တော် တွင် အရေးကြီးအဆိုတစ်ရပ်တင်သွင်းခဲ့သည်။

ကော်မတီဖွဲ့ရန်ကိစ္စကိုဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မကိုက်ညီဟုဆိုကာ တပ်မတော်သားကိုယ်စားများကကန့်ကွက်ခဲ့သော်လည်း လျှို့ဝှက်မဲဆန္ဒခံယူစေခဲ့ရာ ထောက်ခံသည့်ဘက်က အပြတ်အသတ်အနိုင်ရခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် လက်ခံဆွေးနွေးကြတော့မည်ဖြစ်သည်။

ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး (Myanmar Now)

Comments