မောင်လူပေ - ပြီးတော့မှာ လား trade war


မောင်လူပေ - ပြီးတော့မှာ လား trade war
(မိုးမခ) ဇန်န၀ါရိ ၂၀၊ ၂၀၁၉ 
အမေရိကားနဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲကတော့ ပြီးဆုံးမဲ့အရိပ်အရောင်တွေ ထွက်လာပြီ။

တရုတ်က အမေရိကားရဲ့ထွက်ကုန်တွေကို တို့မြှင့်ဝယ်မယ်။ ကုန်သွယ်ရေးပိုငွေပြနေတာကို လျှော့ချဖို့ ခြောက်နှစ်ကာလအတွင်း တစ်ထရီလီယံဒေါ်လာ(တစ်ထောင်ဘီလီယံဒေါ်လာ) ဖိုးဝယ်ယူမယ်လို့ Bloomberg report က ဆိုလာတယ်။ ခြောက်နှစ်ပြည့်တဲ့ ၂၀၂၄မှာ ကုန်သွယ်ရေးပိုငွေသုံညဖြစ်စေရမယ်တဲ့။ ၂၀၁၈မှာ တရုတ်က ကုန်သွယ်ရေးပိုငွေ (၃၂၃)ဘီလီယံအထိ ရရှိခဲ့တယ်။ တရုတ်ကုန်ပစ္စည်းဒေါ်လာဘီလီယံနှစ်ရာကျော်ကို အခွန်တိုးကောက်ဖို့ကိစ္စကို ဖယ်ရှားပေးဖို့ ထရန့်အစိုးရက စဉ်းစားနေတယ်လို့ Wall Street Journal ကြီးမှာ မနေ့က ရေးသားထားခဲ့တယ်။

အမေရိကားနဲ့ တရုတ်ကိုယ်စားလှယ်တွေဟာ ရက်ကိုးဆယ်ဆိုင်းငံ့ကာလပြည့်မဲ့မတ်လမတိုင်ခင် သဘောတူချက်ရဖို့လိုတယ်။ ထရန့်နဲ့ စီကျင်းပင်တို့ ဂျီ(၂၀)စည်းဝေးပွဲမှာတွေ့စဉ်က အမေရိကားရဲ့ လယ်ယာထွက်ကုန်တွေကို တိုးမြှင့်ဝယ်ယူဖို့နဲ့ အမေရိကားကုမ္ပဏီကြီးတွေအတွက် တရုတ်ပြည်တွင်းမှာ ပိုမိုပြီး ဈေးကွက်ဖွင့်ပေးဖို့ ပြောဆိုခဲ့ကြတယ်။

ကုန်သွယ်ရေးစစ်ပွဲကြာရှည်လာတာနဲ့အမျှ တရုတ်ပြည်ရဲ့စီးပွားရေးကို ရိုက်ခတ်မှုက တိုးနေတာပါ။ ဈေးကွက်သဘောအရ customers က အသာစီးရမြဲ။ အမေရိကားကိုပို့တဲ့ကုန်ပစ္စည်း တန်ဖိုး ဘီလီယံပေါင်းရာချီကို အမေရိကားက မဝယ်တော့ရင် ဒုက္ခတွေ့မှာက တရုတ်ကုမ္ပဏီတွေပဲ။ အမေရိကားရဲ့ အဆင့်မြင့်နည်းပညာမှန်သမျှကို ပုံစံမျိုးစုံနဲ့ မှီခိုနေရသေးတဲ့ အနေအထားကလည်း မလွတ်သေး။

ဒါ့အပြင် တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးက အမေရိကားရဲ့ နည်းပညာနဲ့သတင်းတွေ ခိုးယူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘဏ္ဍာရေးအရာရှိချုပ်အမျိုးသမီးကို ကနေဒါမှာ ဖမ်းဆီးတဲ့ကိစ္စ။ ဟွာဝေးဆက်သွယ်ရေးပစ္စည်းတွေနဲ့ ကမ္ဘာအနှံ့က အစိုးရတွေရဲ့ သတင်းအချက်အလက်တွေကို ခိုးယူဖို့၊ သူလျှိုလုပ်ဖို့ ရှိနေတယ်ဆိုတဲ့စွတ်စွဲချက်တွေကြောင့် နာမည်ပျက်နေရတဲ့ကိစ္စ။ ဟွာဝေးပစ္စည်းတွေမသုံးကြဖို့ နိုင်ငံတွေအတော်များများက ပြောဆိုလာတဲ့ကိစ္စတွေရဲ့နောက်မှာ အမေရိကားရှိနေတာ ကောင်းကောင်းသဘောပေါက်တဲ့အတွက်လည်း တရုတ်အစိုးရက အမေရိကားနဲ့အမြန်ဆုံးအဆင်ပြေချင်ပုံရတယ်။ ဟွာဝေးကိစ္စစုံစမ်းမှုတွေ ပြီးစီးတော့မှာဖြစ်လို့ မကြာခင်မှာ ဒါဏ်ကြေးငွေ ဘီလီယံပေါင်းများစွာလည်း အမေရိကားကို ပေးဆောင်ရဖို့ရှိနေတယ်။ မကြာခင်မှာ သဘောတူညီချက်တွေကို နှစ်ဖက်လုံးက တရားဝင်သတင်းထုတ်ပြန်ကြပါလိမ့်မယ်။

အမေရိကားရဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေကို တရုတ်က ပိုဝယ်မယ်ဆိုရင် ဘာတွေဖြစ်မလဲ။ ပဲပိစပ်၊ ဝက်သား၊ အမဲသား၊ အသီးအနှံတွေအပြင် ဆန်လည်း ပါတယ်။ အမေရိကားဟာ ကမ္ဘာမှာဆန်တင်ပို့မှုအများဆုံးနိုင်ငံတစ်ခု။ တရုတ်က အမေရိကန်ဆန်တွေ ပိုပြီးဝယ်ယူမယ်ဆိုရင်တော့ မြန်မာ့ဆန်တွေကို တစ်နှစ်မှာ တန်ချိန်တစ်သန်းခွဲလောက် ဝယ်ယူနေရာက လျှော့လာတော့မယ်။ ဥရောပကလည်း မြန်မာ့ဆန်ကို အခွန်ကင်းလွတ်ခွင့်ပေးထားရာကနေပြီး ပယ်ဖျက်တဲ့အတွက် ဥရောပကို ဆန်တင်ပို့နေရမှု နည်းလာတော့မယ်။ ဒီလိုအခြေအနေတွေကို ရင်ဆိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုလာပြီ။ မဟုတ်ရင်တော့ ပြည်တွင်းမှာဆန်တွေပိုလို့ ဈေးတွေထိုးကျရင် ဒုက္ခ။

အစစ အဆင်ပြေကြပါစေလို့ ဆုမွန်ချွေပါတယ်။

ချစ်တဲ့
မောင်လူပေ
ကိုးကား
https://www.google.com/amp/s/www.yahoo.com/amphtml/finance/news/bye-bye-trade-war-china-160627486.html

Comments