မြန်မာဂန္ထ၀င်အဆိုတော်ကြီး ဦးမင်းနောင် ကွယ်လွန်


မြန်မာဂန္ထ၀င်အဆိုတော်ကြီး ဦးမင်းနောင် ကွယ်လွန်
ရန်နောင်(ဗိုလ်တထောင်) ။ မိုးမခ၊ ဇန်န၀ါရီ ၃၁၊ ၂၀၁၉



ကြွေလွင့် သွားရှာတဲ့ မြန်မာ့ဂန္တဝင် အဆိုတော်ကြီး ဦးမင်းနောင် ၏ အတ္ထုပ္ပတ္တိ ကိုယ်ရေးအကျဉ်း ဦးမင်းနောင် (အမည်ရင်း ဦးကျော်မြင့် )ကို မိဘများ ဖြစ်ကြသော ဦးဘချစ်မောင် နှင့် ဒေါ်တင်မေတို့မှ ၁၉၃၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။




၁၉၄၇ ခုနှစ်မှ စ၍ စန္ဒရားသီဟ အပျော်တမ်းတူရိယာ အဖွဲ့တွင် မဉ္ဇူဆွေ၊ လုံမေ၊ ဝေးပြီခင်ရေ စသော ကိုယ်တိုင်ရေး သီချင်းများ စတင်သီဆိုခဲ့သည်။ ထို့နောက် စန္ဒရားကိုအောင်ကိုး ဦးစီးသည့် ချိုတေးဆက်အဖွဲ့တွင် ပင်တိုင်အဆိုတော်အဖြစ်ဖြင့် ဖော်မဲ့တေးသံ၊ နင်လားဟဲ့ လောကဓံ၊ ဘဝဟူသည်၊ အို- စောင်း ရှင်ရယ် သီချင်းများဖြင့် ထင်ရှားလာခဲ့သည်။ ဂီတလုလင်မောင်ကိုကို တူရိယာအဖွဲ့ဖြင့် သီဆိုခဲ့သော ဗိုလ်ကလေးတင့်အောင် ရေးသားသည့် တက္ကသိုလ်ကျောင်းသူတစ်ဦး၊ ဇရာ၊ ဂျင်မလေးဂျမ်း သီချင်းတို့မှာ နာမည်ကျော်ကြား လူကြိုက်များသော တေးသီချင်းများ ဖြစ်ခဲ့သည်။




ရုပ်ရှင်နယ်ပယ်တွင်လည်း ရုပ်ရှင်သရုပ်ဆောင် အဖြစ် ဇာတ်ကား ၆ ကားခန့် ရိုက်ကူးခဲ့သည်။ ၂၀၀၅/ ၂၀၀၆ ခုနှစ်တွင် ရုပ်ရှင်အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့ဝင် အဖြစ် လည်းကောင်း၊ တပ်မတော်နေ့ အထိမ်းအမှတ် စစ်ချီစစ်ရေး တေးသီချင်းပြိုင်ပွဲ စိစစ်ရေး အဖွဲ့ဝင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။




၂၀၀၄- ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံတွင် ညီလာခံ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ နှစ်စဉ် ကျင်းပလျက် ရှိသည့် မြန်မာ့ရိုးရာ အဆို၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲများတွင် အဆိုအကဲဖြတ် (ဗဟို) အဖြစ် လည်းကောင်း၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ စိစစ်ရေး အဖွဲ့ဝင် အဖြစ်လည်းကောင်း ၊ ပြန်ကြားရေးဝန်ကြီးဌာန ခေတ်ဟောင်း တေးရေးပညာရှင်ကြီးများ၏ တေးသီချင်းများနှင့် အတ္ထုပ္ပတ္တိမှတ်တမ်း စိစစ်ရေး ကော်မတီအဖွဲ့ဝင် အဖြစ် လည်းကောင်း ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ၏ နာယက အဖြစ် လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။ ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော လူမှုထူးချွန်(ပထမ အဆင့် ) ရရှိခဲ့သည်။ နိုင်ငံတော်မှ စည်သူ ဘွဲ့ကိုလည်း ချီးမြှင့်ခြင်း ခံရသူ တစ်ဦး ဖြစ်သည်။




ယခုအခါ တိုက်အမှတ် ၃၀၊ ရွှေလောင်းလမ်း၊ စမ်းချောင်းမြို့နယ် တွင် နေထိုင်ခဲ့ပြီး အာရှတော်ဝင် အထူးကုဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေစဉ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ကွယ်လွန် အနိစ္စရောက်ခဲ့ပြီ ဖြစ်သည်။

Comments